ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ သစ်သီးဆိုင်၊ ထမင်းဆိုင်၊ ကွမ်းယာဆိုင်စတဲ့စျေးဆိုင်တွေကို လူသွားလမ်း ပလက်ဖောင်းနဲ့ မလွတ်ကင်းလို့ဆိုပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဖြိုဖျက်ဖယ်ရှားခဲ့တယ်လို့ စျေးသည်တွေက ပြောပါတယ်။
အဲ့ဒီလို လမ်းဘေးစျေးသည်တွေကို အတင်းအကျပ် ဖယ်ရှားနေပေမဲ့ လူသွားလမ်းမှာ နေရာယူထားကြတဲ့ ပုဂ္ဂိကဆေးရုံ၊ စားသောက်ဆိုင်၊ စတိုးဆိုင်ကြီးတွေနဲ့ ဟိုတယ်၊ မိုတယ်တွေကိုတော့ အရေးယူဖယ်ရှားတာ မရှိဘူးလို့ သိရပါတယ်။
စျေးသည်တဦးက “ကျနော်တို့သစ်သီးဆိုင်တွေက ပလက်ဖောင်းကို ကျော်တာလည်း မရှိဘူး။ လမ်းရေမြောင်းပေါ်မှာ ခင်းကျင်းပြီး ရောင်းချနေကြတာပါ။ ဟိုးပုဂ္ဂလိက အေးငြိမ်းဆေးရုံနဲ့ စားသောက်ဆိုင်တွေကျတော့ ပလက်ဖောင်းကို နေရာယူချထားတဲ့ မီးစက်တွေကျတော့ ဖယ်ရှားတာ မရှိဘူးလေ။ အခုတော့ ကျနော်တို့ စားဝတ်နေရေး အတော်လေး အခက်တွေ့နေရတယ်။ မိုးရာသီဆိုတော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။
စစ်တွေမြို့၊ လမ်းမကြီး၊ ဦးဥတ္တမပန်းခြံရှေ့မှာ ဈေးရောင်းချနေကြတဲ့ သစ်သီးအရောင်းဆိုင်ခန်း ၁၆ ခန်းခန့်ကို သြဂုတ် ၂၆ ရက်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လူသွားလမ်း ပလက်ဖောင်းနဲ့ လွတ်ကင်းမှုမရှိဟုဆိုကာ ဖြိုဖျက်ခဲ့ကြတာပါ။
ဆေးရုံကြီးရှေ့မှ ဆိုင်ခန်းဖြိုခံရတဲ့ စျေးသည်အမျိုးသမီးတဦးက “လူကြီးလာမယ်ဆိုတော့ ကျမတို့လည်း မရောင်းချဘဲနဲ့နေတာ။ ကျမတို့ဆိုင်ခန်းတွေကို သူတို့ လက်တင်ပြီး ဖြိုဖျက်တယ်။ သူတို့အားနဲ့လုပ်တာ။ ပြည်သူလူထုတွေ လုပ်စားနေတာကို မမြင်နိုင်လို့ကို လုပ်တာ။ အခုအချိန်မှာ ကျမတို့ စားဝတ်နေရေး အတော်လေး ဒုက္ခရောက်နေကြရပါတယ်။ သူတို့ပြန်ချပေးတဲ့ နေရာမှာလည်း သူတို့ပေးထားတဲ့လူတွေက ရောင်းချနေကြပြီ။ ကျမတို့အတွက် နေရာမရှိတော့ပါ” လို့ ပြောပါတယ်။
စစ်တွေမြို့ ပြည်သူဆေးရုံကြီးရှေ့ စျေးဆိုင်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမှာကို အကြောင်းပြပြီး လူသွားလမ်း ပလက်ဖောင်းနဲ့ မလွတ်ဟုဆိုကာ စျေးဆိုင် ၁၀ ဆိုင်ကျော်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကိုယ်ထိလက်ရောက် ဖြိုဖျက်ခဲ့ကြတာပါ။