ဖိလစ်ပိုင်နိုင်ငံမှာ စေတနာ့ဝန်ထမ်း ဒါဇင်ပေါင်းများစွာဟာ စက်တင်ဘာ ၁၅ ရက်က အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းရှင်းလင်းရေးနေ့ အထိမ်းအမှတ်အဖြစ် မနီလာမြို့စွန်တွေရှိ ကမ်းရိုးတန်းတလျှောက် အမှိုက်တွေကောက်ပြီး သန့်ရှင်းရေး လုပ်ဆောင်ခဲ့ကြပါတယ်။
စေတနာ့ဝန်ထမ်းတွေဟာ သန့်ရှင်းရေးလုပ်နေချိန်အတွင်း တခါသုံး ပလတ်စတစ်ဘူးတွေ၊ ခွက်တွေနဲ့ အိတ်အများစုကို ကောက်ထည့်ထားတဲ့ ပလတ်စတစ် အမှိုက်အိတ်ပေါင်း အလုံး ၅၀ လောက်ကို ရရှိခဲ့ပါတယ်။
ဒေသခံတွေအနေနဲ့ တခါသုံး ပလတ်စတစ်တွေ အသုံးပြုမှုကို ဖြတ်တောက်ပြီး အဲဒီအစား ပြန်သုံးစွဲနိုင်တဲ့ ဘူးတွေ၊ ခွက်တွေကို ပြောင်းသုံးကြဖို့ အာ့သ်အိုက်လန် အင်စတီကျု အာရှပစိဖိတ်အဖွဲ့မှ ရောဘတ် မက်ဒရာနိုက တိုက်တွန်းခဲ့ပါတယ်။
ပလတ်စတစ်နဲ့ ထုပ်ပိုးခြင်းအစား သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတာတွေကို အစားထိုး ရွေးချယ်ဖို့လည်း မက်ဒရာနိုက ကော်ပိုရေးရှင်းတွေကို တောင်းဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို သမုဒ္ဒရာထဲ စွန့်ထုတ်ရာမှာ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာတဝန်း စွန့်ပစ်မှု စုစုပေါင်းရဲ့ ၃၆ ရာခိုင်နှုန်းရှိကြောင်း အောက်စဖို့ဒ်တက္ကသိုလ်ရှိ Our World in Data ပရောဂျက်မှ မွမ်းမံထားတဲ့ ၂၀၂၂ ခုနှစ် ဧပြီလ အစီရင်ခံစာအရ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းရှင်းလင်းရေးနေ့ဟာ ကမ္ဘာတဝန်းရှိ ကမ်းရိုးတန်း ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အမှိုက်ပြဿနာတွေကို သတိပြုမိစေဖို့ နှစ်စဉ် စက်တင်ဘာလရဲ့ တတိယမြောက် စနေနေ့မှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ အခမ်းအနား ဖြစ်ပါတယ်။
Source/Photo-Reuters