Home
မြန်မာသတင်း
စစ်တွေ၌ ALP တပ်ရင်းမှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
September 15, 2023
ALP Battalion Commander Khaing Pyi Hein

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စက်တင်ဘာ ၁၅ ရက် ဒီကနေ့ နေ့လယ်ပိုင်းက  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ရဲ့ တပ်ရင်းမှူး ခိုင်ပြည်ဟိန်း(ခ)ခိုင်သူဟိန်း သေနတ်နဲ့ ပစ်ခတ်ခံရလို့  ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲရုံးအနီးရှိ ကျောင်းကြီးလမ်းရပ်ကွက်၊ ကြေးနန်းရုံးရှေ့မှာ ဒီနေ့ မွန်းလွဲ ၁၂ နာရီကျော်လောက်က ခိုင်ပြည်ဟိန်းကို အမည်မသိ လူတစုက ဆိုက်ကယ်နဲ့ အုပ်စုဖွဲ့လာရောက် ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

စစ်တွေမြို့ခံတဦးက " ALP တပ်ရင်းမှူး ခိုင်ပြည်ဟိန်း ခေါ် ခိုင်သူဟိန်းလို့ သိတယ်ဗျ။ ထိပ်ကို တည့်တည့်ပစ်ထားတာ တွေ့ရတယ်ဗျ။ ဘယ်သူပစ်တာဲတော့ မသိဘူး။ အခင်းဖြစ်တဲ့ ပတ်ဝန်းကျင် ပြောပြချက်ကတော့ ပစ်ခတ်ပြီး ဆိုက်ကယ်တွေနဲ့ ထွက်သွားကြတယ်လို့တော့ သိရတယ်ဗျ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း  လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီး ကားနဲ့ ပြန်လာကြတဲ့ ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့  ALP ရုံးရှေ့မှာပဲ လုပ်ကြံခံခဲ့ရပါတယ်။

စစ်တွေမြို့ခံ စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူတစ်ဦးက "ALP တပ်ဖွဲ့ဝင်တွေက စစ်တွေမှာ လုပ်ကြံခံရတာ တစတစ များလာနေတယ်ဗျ။ သူတို့ကိုယ်တိုင်လည်း အသွားအလာ အနေအထိုင် မဆင်ခြင်ကြတာ တွေ့ရတယ်။ လုပ်ကြံခံရပြီးမှ ဟိုဘက်ကို စွပ်စွဲ၊ ဒီဘက်ကို စပ်စွဲနဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်မယ်။ သူတို့အဖွဲ့မှာလည်း အကွဲအပြဲတွေရှိနေတော့ ခန့်မှန်းဖို့ မလွယ်ပါဘူး” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်ကလည်း စစ်တွေမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ / ရခိုင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (ALP/ ALA) တပ်ဖွဲ့ဝင် သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွား​ပါသေးတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ အန်စီအေ လက်မှတ်ထိုးထားတဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း နေပြည်တော်ကို အကြိမ်ကြိမ် သွားရောက်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ 

ဓာတ်ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024