မွန်ပြည်နယ် သံဖြူဇရပ်မြို့၊ အောင်ကုသိုလ်ရပ်ကွက်မှာ မီးကြိုးတက်ခိုးတဲ့ အမျိုးသား တယောက် ဓာတ်လိုက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၅ ရက် မနက် ၆ နာရီကျော်လောက်က ဓာတ်တိုင်ပေါ်မှာ အမျိုးသား တဦး သေဆုံး နေတာကို လမ်းသွားလမ်းလာတွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရပ်ကွက်နေသူတဦးက"ညကတည်းက သေနေတာ ဖြစ်မယ်။ မနက်ကျမှ လူတွေက တွေ့လို့ မီးဖြတ်ခိုင်းပြီး တက်ဖြုတ်ခဲ့ရတယ်"လို့ ပြောပါတယ်။
ပုံမှန်ဆိုပါက သံဖြူဇရပ်မြို့မှာ ည ၁၂ နာရီခန့်မှ မီးလာရမှာဖြစ်ပေမဲ့ ညက ၉ နာရီကျော်ခန့်မှာ မီးလာခဲ့လို့ သူခိုးဓာတ်လိုက်သေဆုံးတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသားဟာ အသက် ၄၀ နှစ်ခန့်ရှိပြီး အောင်ကုသိုလ်ရပ်ကွက်နေသူဖြစ်ကာ လူမှုကူညီရေးအသင်းတွေက ဓာတ်တိုင်ပေါ်တက် အလောင်းကို ယူချပြီး သံဖြူဇရပ်ဆေးရုံကို ပို့ပေးခဲ့ပါတယ်။
သံဖြူ ဇရပ်မြို့မှာ မကြာခဏ မီးကြိုးခိုးခံရတာတွေ ရှိနေပေမဲ့ ခိုးယူသူတွေပဲ ဓာတ်လိုက် သေဆုံးတာ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။