ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်ထဲက တောင်ကြာအင်းကျေးရွာမှာ နယ်မြေစိုးမိုးဖို့အတွက် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဘက်က ဗိုလ်အဆင့် တယောက် အပါအဝင် တပ်သား ၃ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိသွားခဲ့ တယ်လို့ ကေအန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း ဆေးရုံကုန်းနဲ့ စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ မခရ- ၅၄၆၊ မခရ-၂၃၀၊ ခမရ-၂၀၈ ပူးပေါင်း တပ်ရင်းတွေနဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၆) နဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေကြား ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်တွေဘက်က စစ်သုံး ကား ၁ စီးလည်း ပျက်စီးခဲ့ ပါတယ်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပွားအပြီး စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်သူ တယောက် လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး ဒေသခံ ပြည်သူ ၄၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရတယ်လို့လည်း ကေအန်ယူ−ဗဟိုက ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။