မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၇၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၇၇၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၄၆၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၃၁၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါ တယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၇ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချ မှတ်ခံထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၀ ယောက် ရှိလာ ခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၅,၃၁၂ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ သတင်း အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်ကနေ ၁၄ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး ၅ ယောက်နဲ့ အမျိုးသား ၂၉ ယောက်၊ စုစုပေါင်း ၃၄ ယောက် သေဆုံးခဲ့ပြီး လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၁၅ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာလ နှစ်ပတ်တာကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု က အမျိုးသမီး ၆ ယောက်နဲ့ အမျိုးသား ၂၁ ယောက်၊ စုစုပေါင်း ၂၇ ယောက်ကို ဖမ်းဆီးခဲ့ ပြီး အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင် ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး ၁၀ ယောက်နဲ့ အမျိုးသား ၄၂ ယောက်၊ စုစုပေါင်း ၅၂ ယောက် ရှိခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။