တနင်္သာရီမြို့နယ်မှာ ကျေးရွာတချို့ပေါ်ကို စစ်ကောင်စီအမြောက်တပ်က စက်တင်ဘာ ၁၃ ရက် ည ၆ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်းတဆောင် လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့ ၃၀၆ အမြောက်တပ်ရင်းကနေ လက်နက်ကြီးတွေ ၁ဝ ချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး အနောက်မော်တုန်းကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းဆောင်ရဲ့ အမိုးပေါ် လက်နက်ကြီး ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
ညနေ ၅ နာရီခွဲလောက်ကလည်း အဲဒီအမြောက်တပ်ကနေပြီး အနီးအနားဝန်းကျင်ရှိ နေရာတချို့ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပါသေးတယ်။
အနောက်မော်တုန်းရွာခံတဦးက “၃၀၆ အမြောက်တပ်ရင်းကနေ ပစ်နေတာ။ ဘုန်းကြီးကျောင်း ခေါင်မိုးပေါ်မှာ တလုံးကျတယ်။ မော်တုန်းရွာဘက်တော့ ၁၀ လုံးလောက်ရှိတယ်။ တခြားရွာတွေဘက်လည်း ပစ်တယ်။ ဘယ်ဘက်ကို ပစ်နေလဲတော့ မသိဘူး။ လက်နက်ကြီးပစ်သံတော့ ကြားနေရတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်ကလည်း ဗောဓိကမ်း တံတားဦး တောင်ပေါ်စခန်းကနေ ဘန်လောကျေးရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပြီး ဘန်လောကျေးရွာမှာ နေအိမ်တလုံး ပျက်စီးခဲ့ကာ ဒေသခံပြည်သူတွေ အများစုလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ညောင်ပင်ကွင်းကျေးရွာအနီးရှိ ၅၆၁ တပ်ရင်းထဲကနေ တပ်သားတဦး လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးသွားပြီးနောက် လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်လာတာ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။