ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းတလျှောက် ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်ကနေ စက်တင်ဘာ ၇ ရက်အထိ ၁ လတာ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်တွေဘက်က အယောက် ၃၀ ကျော် သေဆုံးပြီး ၂၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ-ဗဟိုက ထုတ်ပြန်ပါတယ်။
ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ မိုးကြီးမြေပြို လမ်းတွေပျက်စီးခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်တွေဘက်က အဆိုပါလမ်းကို တံတားထိုး ပြန်လည်ပြုပြင်ဖို့ အကြောင်းပြုကာ လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ်တွေကို ကေအန်ယူ တပ်မဟာ ၆၊ KNLA တပ်ရင်း ၁၈ နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၁၂ ကြိမ် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်သုံးကား ၇ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၁ လတာတိုက်ပွဲအတွင်း KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၄ ယောက် ကျဆုံးခဲ့ပြီး ၁ ယောက်ကတော့ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာရှလမ်းမကြီးဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ စီးပွားရေးအရ၊ တပ်ပိုင်းဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးအရ အဓိကကျတဲ့ ဒေါက်တိုင်ကြီးတတိုင်ဖြစ်တာမို့ စစ်အုပ်စုက အုပ်ချုပ်မှုယန္တရား တည်တံ့ခိုင်မြဲရေးအတွက် အဆိုပါလမ်းမကြီးကို နေ့စဥ်နဲ့အမျှ ပြန်လည်ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့်မို့ ပြည်သူလုထုဘက်ကလည်း အဆိုပါဖြစ်စဥ်တွေကို သိရှိနားလည်နိုင်စေပြီး အာဏာသိမ်းစစ်ကောင်စီ အသက်သွေးကြောဖြစ်တဲ့ ယန္တရားတွေကို ဆန့်ကျင်ကာ ကေအန်ယူနဲ့အတူ ပူးပေါင်းပါဝင်ပေးဖို့ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။