ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ဦးပုညလမ်းထဲရှိ ၈ ရပ်ကွက်ရုံးမှာ စက်တင်ဘာ ၁၃ ရက် ညပိုင်းက ဗုံး ၂ လုံး ပစ်ပေါက်ခံခဲ့ရပြီး မပေါက်ကွဲသေးတဲ့အတွက် စစ်တပ်က လာရောက်သိမ်းဆည်းသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ည ၇ နာရီ ၁၀ မိနစ်လောက်က စစ်ကောင်စီရပ်ကွက်ရုံး ဖွင့်ထားချိန်မှာ ဆိုင်ကယ်စီးလာသူ ၂ ဦးက ဗုံးနဲ့ ပစ်ပေါက်သွားတာဖြစ်ပြီး ဗုံးတွေက ပေါက်ကွဲခဲ့ခြင်း မရှိလို့ ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။
ရပ်ကွက်နေသူတဦးက “ရပ်ကွက်ရုံး ဧည့်စာရင်းတိုင်ဖို့ ဖွင့်ထားတဲ့အချိန်မှာ ဗုံးပစ်ခံရတာ။ ပထမတလုံးက ခြံစည်းရိုးနားမှာ၊ နောက်တလုံးက အဝနားတင်ပဲ။ စစ်တပ်က လာကောက်သွားတယ်။ ပေါက်ကွဲတာတော့ မရှိဘူး။ ဗုံးပစ်ခံရချိန် ထွက်ပြေးကြရင်း တိုက်မိလို့ ဒဏ်ရာရတာပဲ ရှိတယ်” လို့ ပြောပါတယ်။
ဗုံးပစ်ခံရပြီးချိန်မှာ စစ်ကောင်စီရဲတပ်ဖွဲ့ဘက်က လာရောက်စစ်ဆေးခဲ့ပြီး ဦးပုညလမ်းထဲရှိ စီစီတီဗွီ မှတ်တမ်းတွေကို တောင်းယူသွားတယ်လို့ သိရပါတယ်။
ရပ်ကွက်ရုံးနဲ့ နီးစပ်သူတွေ ပြောပြချက်အရ အဆိုပါ ဗုံး ၂ လုံးဟာ စနစ်တံဖြုတ်ထားခြင်း မရှိလို့ မပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် ညနေပိုင်းကလည်း လှိုင်သာယာ၊ အမှတ် ၂၀ ရပ်ကွက်ရုံးကို ဗုံးပစ်ခံရချိန် မပေါက်ကွဲခဲ့တဲ့ ဗုံးတလုံးကို စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့ပါတယ်။