စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှားဖိုရွာမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကြားကာလပညာရေးကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသူ ၃ ဦး လက်နက်ကြီးမှန်ပြီး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက် နေ့ခင်းပိုင်းက ရှားဖိုရွာနဲ့ ၃ မိုင်ကွာဝေးတဲ့ စစ်ကောင်စီတပ်စွဲရာ ကြံသာရွာကနေ တင်သားကျေးရွာအုပ်စုဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။
လက်နက်ကြီးဟာ ရှားဖိုရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းကနေပြန်လာတဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ ၂ ဦးနဲ့ အသက် ၁၁ နှစ်အရွယ် ကျောင်းသူတဦး လက်နက်ကြီးစ ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
ရှားဖိုရွာ ဒေသခံတဦးက “ကျောင်းသူ ၃ ယောက်လုံးက ကျောင်းဆင်းလို့ ကျောင်းကနေ ပြန်လာတဲ့လမ်းမှာ လက်နက်ကြီးထိမှန်ကြတာ။ အသက် ၁၆ နှစ်အရွယ် ကျောင်းသူ ၂ ယောက်က အတူတူပြန်တာ။ သူတို့ပြန်တဲ့လမ်းမဘေးက နေအိမ်ခြံစပ် လက်နက်ကြီး ကျတာကနေ သူတို့တွေက လက်နက်ကြီးစ ထိမှန်ကြတာ။ အသက် ၁၁ နှစ်အရွယ် ကျောင်းသူတယောက်လည်း ကျောင်းကအပြန်လမ်းမှာ လက်နက်ကြီးထိမှန်တာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်နက်ကြီးထိမှန်တဲ့ ကျောင်းသူတွေဟာ ဒူးဆစ်၊ လည်ကုပ်၊ ခြေထောက်၊ ခါးနဲ့ ရင်ဘတ်တွေမှာ ထိမှန်ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ဘဲ နီးစပ်ရာကျေးရွာက ကြားကာလ ပြည်သူ့ကျန်းမာရေးဆေးရုံမှာ ဆေးကုသမှုတွေ ခံခဲ့ရတယ်လို့ ပြောကြပါတယ်။
စစ်ကောင်စီက တိုက်ပွဲတစုံတရာ ဖြစ်ပွားတာမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောကြပြီး စစ်ကောင်စီက တင်သားကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးနဲ့ အမြဲပစ်ခတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့မှာပဲ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တင်သားကျေးရွာက တောင်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၆ ရပ်ကွက်က ဒေသခံတချို့လည်း တခြားရပ်ကွက်တွေဘက်ကို တိမ်းရှောင်ခဲ့ကြရပါသေးတယ်။
အဆိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။