မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ သံဖြူဇရပ်-ရေး လမ်းမကြီးပေါ်ရှိ မော့ကနင်ရွာ ကွမ်ကျိုက်တံတားအနီးမှာ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက ကုန်တင်ကား နှစ်စီးတိုက်မိပြီး ကားမီးလောင်မှုကြောင့် ယာဉ်မောင်းသေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီ ၄၅ လောက်မှာ လမ်းကြောတဖက်တည်း ရှေ့ဆင့်နောက်ဆင့် အတူမောင်းလာတဲ့ကုန်တင်ကား နှစ်စီးဟာ တံတားအနီးအရောက်မှာ ကွမ်းသီးတင် ကားက ရော်ဘာသစ်လုံးတင်ကားကို ကျော်တက်စဥ် လမ်းယာဥ်ကြောတဖက်ကလာတဲ့ ကားငယ်တစ်စီးကို ရှောင်လိုက်ရတာကြောင့် တိုက်မိသွားခဲ့တာ ဖြစ်ပါတယ်။
ကားနှစ်စီး ဘေးချင်းယှဉ်တိုက်မိခဲ့လို့ ကွမ်းသီးတင်ကား မီးလောင်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ကားခေါင်းခန်းအတွင်း ပိတ်မိကာ မီးလောင် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ ယာဉ်မောင်းဟာ အသက် ၄၀ ဝန်းကျင်အရွယ် ကိုမျိုးမင်းဦးဖြစ်ပြီး ကားပေါ်မှာ အတူပါလာတဲ့သူ့ရဲ့ ဇနီးဖြစ်သူကတော့ ခုန်ချလွတ်မြောက်ခဲ့တယ်လို့ အခင်းဖြစ်နေရာနားက ဒေသခံတစ်ဦးက ပြောတယ်။
“ကားတိုက်တဲ့ အရှိန်နဲ့ မီးထလောင်တော့ သူ့မိန်းမက ခုန်ချလို့မီသွားတယ်။ ယာဉ်မောင်းကတော့ ကျန်ခဲ့တာပေါ့။ မီးကပြင်းတော့ ဘယ်သူမှ သွားမဆွဲချရဲဘူး။ တိုက်မိတဲ့ တခြားကား ကသူတွေကတော့ ဘယ်ရောက်သွားလဲ မသိလိုက်ဘူး၊ ကားပဲကျန်ခဲ့တယ်။”
ကားမီးလောင်မှုကို လမိုင်းနယ်မြေမီးသတ်တပ်ဖွဲ့က မီးသတ်ကားတစ်စီး၊ ရွှေဟင်္သာ လူမှုကယ်ဆယ်ရေးအဖွဲ့၊ သောင်ပြင်ကယ်ဆယ်ရေးအသင်းနဲ့ ရပ်ရွာလူထုက တနာရီကျော်အကြာ မီးငြှိမ်းသတ်ခဲ့ရပါတယ်။
ရွှေဟင်္သာလူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက "ကားက အဖွဲ့ရောက်တော့ ခေါင်းခန်းမီးစွဲနေပါပြီ။ ကားအမျိုးအစားကလည်း ခေါင်းခန်းမှာ ဆီတိုင်ကီပါတဲ့ အမျိုးအစားဆိုတော့ အနားသိပ်ကပ်မရဲဘဲ ကြိုးစားငြှိမ်းသတ်ခဲ့ရပါတယ်”လို့ ပြောပါတယ်။
ရေးမြို့နယ်ရဲ့ နယ်မြေလုံခြုံရေး အခြေအနေနဲ့ ညမထွက်ရ အမိန့်ကြောင့် အလောင်းကို ချက်ချင်း ဆွဲထုတ်မရသေးဘဲ အခင်းဖြစ်နေရာမှာထားခဲ့ရကာ ဒဏ်ရာရသွားတဲ့ အမျိုးသမီးကတော့ လမိုင်းဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံပရဟိတအသင်းထံက သိရပါတယ်။
မွန်ပြည်နယ်မှာ စက်တင်ဘာလ ပထမအပတ်အတွင်း ပြည်ထောင်စုအဝေးပြေးကားလမ်းမပေါ် ယာဥ်ကျော်တက်စဥ် ဖြစ်ပွားတဲ့ ယာဥ်တိုက်မှု နှစ်ခုရှိခဲ့ပြီး သေဆုံးသူ ၃ ဦးထက်မနည်းရှိခဲ့ပါတယ်။