တနင်္သာရီတိုင်း၊ မြိတ်မြို့က ထားဝယ်စုရပ်ကွက်မှာ စက်တင်ဘာ ၁၃ ရက် ည ၆ နာရီလောက်က ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ်တချို့ကို စစ်သားတွေက သေနတ်တွေနဲ့ လိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆိုင်ကယ်နှစ်ယောက်တစီးနဲ့ ထားဝယ်စုရပ် ဂုဏ်ရုံလမ်းကနေ ဆိပ်ငယ်ဈေးကြီးဘက် မောင်းနှင်လာတဲ့ လူငယ်တွေကို ကျည်ကာဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တချို့က သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး ထိခိုက်သူတွေတော့ မရှိဘူးလို့ သိရပါတယ်။
မြို့ခံပြည်သူတဦးက “ဆိပ်ငယ်ဈေးကြီးအရှေ့မှာ နှစ်ယောက်စီးလာတာကို သေနတ်နဲ့ ပစ်လိုက်တာ။ လူတွေတော့ ထိတာမျိုး မကြားမိဘူး။ ပြီးတော့ ခနကြာမှာ ဆိုင်ထဲဝင်စစ်နေတယ်။ ဆိုင်ထဲမှာ ဝန်ထမ်းတယောက်နဲ့ စစ်သား ၄ ယောက်လောက်ရှိမယ်။ အဲ့ဆိုင် လမ်းထိပ်မှာတော့ ၅ ယောက်လောက်ရှိတယ်” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး ခဏအကြာမှာ အမှတ် ၁ နာရီစင်လမ်းနဲ့ ဂုဏ်ရုံလမ်း (C လမ်း) ထောင့်က B2K ဖုန်းဆိုင်ရဲ့ CCTV မှတ်တမ်းတွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အရင်ကလည်း မြိတ်မြို့ ကမ်းနားလမ်းဘက်မှာ ဆိုင်ကယ်နှစ်ယောက်တစီး မောင်းနှင်လာတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။
မြိတ်မြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်ဦးထုပ် ဖမ်းဆီးလာတာတွေ ပိုများလာပြီး ဆိုင်ကယ်တစီးပေါ် ယောကျ်ားနှစ်ယောက် မောင်းနှင်လာတာမျိုး တွေ့ပါက ဆိုင်ကယ်အပြီးသိမ်းဆည်းတာမျိုး ဒါမှမဟုတ် ဒဏ်ငွေအများအပြား ဆောင်ခိုင်းတာမျိုးအပြင် ရိုက်နှက်စစ်ဆေးတာမျိုးအထိပါ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။