ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ် မြေပြိုကျခဲ့လို့ ပျက်စီးသွားတဲ့ လမ်းပိုင်းနေရာမှာ ယာယီဘေလီတံတားကနေ ပြန်လည်သွားလာလို့ရနေပြီဖြစ်ပေမဲ့ ကားခတွေကတော့ ဈေးပြန်မကျသေးဘူးလို့ ခရီးသွားတွေနဲ့ ကုန်သည်တွေထံက သိရပါတယ်။
ဩဂုတ်လ ပထမပတ်မှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရဲ့ တောင်ပတ်လမ်းပိုင်းတချို့ မိုးသည်းထန်ပြီး မြေပြိုကျမှုတွေဖြစ်ခဲ့လို့ လမ်းတွေပဲ့ကျပျက်စီးခဲ့လို့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ယာယီပြတ်တောက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီက ယာယီဘေလီတံတား ဆောက်လုပ်ပေးခဲ့ပြီး ဩဂုတ်လကုန်ပိုင်းမှာတော့ ပြန်လည်သွားလာခွင့်ပြုထားတယ်လို့ ကားသမား တွေဆီကနေ သိရပါတယ်၊
ယာယီတံတားကနေ ကုန်ကားနဲ့ ခရီးသည်တင်ကားတွေ သွားလာခွင့်ပြုထားပေမဲ့ ရှောင်တိမ်းသွားလာနေလို့ အချိန်ကြာမြင့်တာတွေ ရှိနေသလို ကားခတွေလည်း ဈေးတွေ မြင့်တက်ရာကနေ ပြန်မကျဘဲရှိနေတယ်လို့ မြဝတီမြို့က ကုန်သည်တစ်ယောက် ပြောပါတယ်၊
“အာရှလမ်းအခြေအနေက တောင်ပြိုသွားတဲ့ အနေအထားက အခုတော့ ပုံမှန်ကားတွေသွားလာလို့ ရနေပြီပေါ့နော် ကားခတွေကတော့ ပုံမှန်ထက်ကို ဈေးတက်သွားတယ် ပုံမှန် မော်လမြိုင်- မြဝတီကို ကျပ် လေးသောင်းရှိတယ်။ ကားခက ဈေးမကျဘူး။ ကုန်ပစ္စည်းတွေလည်း သိသိသာသာဈေးပြန်ကျသွားတာ မရှိဘဲ ဈေး တက်လာတာပေါ့နော်။ လမ်းပန်းဆက်သွယ်ရေးအနေနဲ့က ဂိတ်တွေ နည်းနည်းလျော့သွားတယ်။ ဒီကာလမှာ ကားခတက်တော့ ဈေးတွေတော့ နည်းနည်းတက်တယ်။”
ကုန်ပစ္စည်းတင်ပို့ခတွေမှာဆိုရင်လည်း လမ်းပိုင်းပျက်စီးတုန်းက ဈေးနဲ့ သိပ်မကွာဘဲ ပေးနေရလို့ ကုန်ဈေးနှုန်းတွေကို အနည်းငယ်ဈေးမြှင့်တင်ရောင်းချနေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒါ့အပြင် အခြေခံစားသောက်ကုန်တွေနဲ့ ပြည်ပ သွင်းကုန်ပစ္စည်းတွေ ပြန်ဝယ်လို့ မရမှာကို စိုးရိမ်နေရတဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်တာမျိုးမရှိပေမဲ့ လတ်တလောမှာ လိုသလောက် မရောင်းချနိုင်ဘူးလို့ သိရပါတယ်။
ခရီးသည်တင်ကားခတွေလည်း လမ်းပိုင်းပျက်စီးတုန်းက ဈေးထက် အနည်းငယ်ပြန်ကျပေမဲ့ ပုံမှန်ဈေးထက်ပိုများနေတယ်လို့ မြဝတီဒေသခံ ခရီးသွားတွေဆီက သိရပါတယ်။
ခရီးသွားတဦးက “ယာယီတံတားသွားရတာ အလှည့်ကျစောင့်ပြီးတော့ သွားရတာပေါ့။ ပုံမှန်အရင်လို ၁၀၀ ရာခိုင်နှုန်းတော့ မကောင်းသေးဘူးပေါ့နော်။ လမ်းကကျဉ်းတော့လေ ဟိုဘက်က တက်လာရင်စောင့်၊ ဒီဘက်က တက်လာရင် စောင့် အဲဒီလိုမျိုးပါ။ တောင်ပေါ်လမ်းဆိုတော့ မိုးရွာရင် သတိနဲ့မောင်းရတယ်။ ကားရဲ့ အလာ အဆင်းကို စောင့်ပေးရတယ်။ ကျန်တာတော့ ပုံမှန်ပါပဲ။ ကားခက ဈေးတက်တာပဲ အရင်တက်တဲ့ဟာကို နည်းနည်းလေးပဲ လျော့တဲ့ပုံစံမျိုးဖြစ်သွားတာ။ ဘာကြောင့်လဲဆိုတော့ ကုန်ဈေးနှုန်းကြောင့်ရယ်၊ ဘတ်ဈေးကြောင့်ရယ် အဲဒါတွေကြောင့် ပါတာပေါ့။ အဓိက ကျနော့်အထင်ကတော့ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်တာပိုများတာပေါ့”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မြဝတီမြို့ထဲက ခရိုင်ရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နောက်ပိုင်း မြို့တွင်းစစ်ဆေးဂိတ်တွေလည်း လျော့နည်းပြီး စစ်ကောင်စီဝန်ထမ်းတွေလည်း အသွားအလာနည်းပါးလာတယ်လို့ သိရပါတယ်။
ယာယီဘေလီတံတားရဲ့ ခံနိုင်ဝန်အားက ၅၅ တန်ဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း တံတားကို ဖြတ်သန်းဖို့ ကားအစီးရေ ရာကျော် ပိတ်ဆို့ စောင့်ဆိုင်းနေရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရဲ့ လမ်းပိုင်းတချို့ ဩဂုတ်လ ၅ ရက်ကနေ ၈ ရက်နေ့ထိကို ၅ ကြိမ်ထိ ပြိုကျပျက်စီးမှုတွေ ဖြစ်ခဲ့တာပါ။
ဝေဝေ