လူသားတို့ရဲ့ လုပ်ရပ်ကြောင့် အခုအခါ ကမ္ဘာကြီးဟာ လူ့ဘဝအတွက် ဘေးကင်းတဲ့ ကန့်သတ်ချက်တွေဖြစ်တဲ့ နယ်နိမိတ် ကိုးခုထဲက ခြောက်ခုကို ဘောင်ကျော်သွားခဲ့ပြီလို့ နိုင်ငံတကာပညာရှင် ၂၉ ဦးပါတဲ့အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်က ဆိုပါတယ်။
ဇီဝနယ်မြေရဲ့ ကြံ့ခိုင်မှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရေချိုအသုံးပြုမှုနဲ့ ရရှိနိုင်မှုတို့လို နယ်ပယ်တွေမှာ လူသားတွေရဲ့ အသက်အန္တရာယ် ကင်းရှင်းကြောင်းပြတဲ့ ကန့်သတ်ချက်တွေကို ဘောင်ကျော်ခဲ့တာလို့ ဆိုပါတယ်။
ဒီလေ့လာမှုကို ပို့စ်ဒမ် ရာသီဥတုသက်ရောက်မှု သုတေသန တက္ကသိုလ်ရဲ့ ဒါရိုက်တာနဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ယိုဟန် ရော့ခ်စထရောင်းက ပူးတွဲ ဦးဆောင်ခဲ့တာပါ။
သစ်တောပြုန်းတီးမှု တိုးလာတာ၊ ဇီဝဒြပ်ထုကို အလွန်အကျွံသုံးတာ၊ မျိုးသုဉ်းမယ့်အန္တရာယ် ပိုတိုးလာတာ၊ ပလတ်စတစ်၊ မျိုးဗီဇပြုပြင်ထားတဲ့ သက်ရှိတွေနဲ့ ဓာတုပစ္စည်းတွေလို လူလုပ်ပစ္စည်းတွေ ပြန့်ပွားလာတာနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
အကဲဖြတ်ထားတဲ့ နယ်နိမိတ် ကိုးခုထဲက သမုဒ္ဒရာအတွင်း အက်စစ်ဓာတ်ဖြစ်ထွန်းခြင်း၊ အိုဇုန်းဓာတ် လျော့ပါးခြင်းနဲ့ လေထုညစ်ညမ်းခြင်း တို့ကသာ ဘေးကင်းတဲ့ ကန့်သတ်ချက်တွေ အတွင်းမှာ ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရုပ်ကြွင်းလောင်စာတွေကနေ ထုတ်ပေးတဲ့ ပိုလျှံကာဗွန်ထုတ်လွှတ်မှုကို သမုဒ္ဒရာတွေက ဘယ်လောက်အထိ စုပ်ယူနိုင်မလဲလို့ သိပ္ပံပညာရှင်တွေက မေးခွန်းထုတ်ထားပါတယ်။
သမုဒ္ဒရာအတွင်း အက်ဆစ်ဓာတ်ဖြစ်ထွန်းတဲ့ အခြေအနေက စံချိန်ကျိုးပေါက်လုနီးပါး ဖြစ်နေပါပြီ။
၂၀၁၅ ခုနှစ်ကတည်းက တိုးတက်ကောင်းမွန်လာတဲ့ တခုတည်းသော နယ်နိမိတ်ကတော့ အိုဇုန်းလွှာပဲလို့ လေ့လာမှုက ဆိုထားပါတယ်။
Source/Photo-Reuters