မြောက်ကိုရီးယားရဲ့ စက်တင်ဘာ ၁၃ ရက်က ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်က ရှုတ်ချခဲ့ပါတယ်။
ဒီပစ်ခတ်မှုဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မတွေ့ဆုံခင် အချိန် ၁ နာရီအလိုမှာ ပစ်ခတ်ခဲ့တာပါ။
အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက“အမေရိကန်က မြောက်ကိုရီးယားရဲ့ လောလောလတ်လတ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို ရှုတ်ချပြီးတော့ သူတို့ရဲ့ အရင်က ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုတွေကိုလည်း ရှုတ်ချပါတယ်” လို့ ပြောပါတယ်
ဒီပစ်လွှတ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အများအပြားကို ချိုးဖောက်ရာရောက်ပြီး မြောက်ကိုရီးယားရဲ့ အိမ်နီးချင်းတွေကို တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်စေတဲ့ ဆက်တိုက် ဒုံးကျည်ပစ်လွှတ်မှုတွေထဲက နောက်ဆုံးပစ်လွှတ်ခြင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
“ဒါတွေဟာ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေပြီး တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ကာကွယ်ရေးအတွက် ကျနော်တို့ရဲ့ ကတိကဝတ်ကို ပိုခိုင်မြဲစေပါတယ်” လို့လည်း မက်ထ်မစ်လာက ပြောပါတယ်။
ခေါင်းဆောင် ကင်မ်နဲ့ သူ့ရဲ့ ထိပ်တန်းစစ်ခေါင်းဆောင် အများစုတို့ ရှားရှားပါးပါး နိုင်ငံခြားခရီးစဉ် ထွက်နေချိန်အတွင်း မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်းကို သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှ ပင်လယ်ထဲကို ပထမဆုံးအကြိမ် ပစ်လွှတ်ခဲ့တာပါ။
အဲဒီဒုံးကျည်တွေကို မြောက်ကိုရီးယားမြို့တော် ပြုံယမ်းအနီးကနေ ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၆၅၀ အကွာအဝေးလောက် ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေက ပြောကြားခဲ့ပြီး ဒီပစ်လွှတ်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ရှုတ်ချခဲ့ကြပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နိုင်ခြေရှိတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ရုရှားက မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုနေတာဟာ စိတ်အနှောင့်အယှက် ဖြစ်စရာပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့အနေနဲ့ လက်နက် သဘောတူညီချက်အသစ်တွေ ထွက်ပေါ်လာရင် ဘိုင်ဒင်အစိုးရဟာ ရုရှားနဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်ချမှတ်ဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မီလာက ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့တဲ့ ရှားရှားပါးပါး ထိပ်သီးဆွေးနွေးပွဲမှာ စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေ၊ ယူကရိန်းစစ်ပွဲနဲ့ လျှို့ဝှက်ကွန်မြူနစ်နိုင်ငံတော် မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုအစီအစဉ်အတွက် ရုရှားအကူအညီတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
Source/Photo-Reuters