လာအိုနိုင်ငံမှာ အလုပ်လုပ်ပြီး လုပ်အားခမရတဲ့အပြင် အလုပ်ရှင်ကပါ ဖိနှိပ်လို့ဆိုပြီး ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား ၅ ဦးကို ထိုင်းအာဏာပိုင်တွေက မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်တပ် ဖရကျောက်တာ့ခ်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်တွေ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၃ ရက်မနက်က ချင်းရိုင်းခရိုင် မယ်ဖာ့လုံမြို့နယ် ထိုတ်ထိုင်း ကျေးရွာအုပ်စုထဲမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နယ်မြေစစ်ဆေးရေး ဆောင်ရွက်စဉ် ဘန့်မုန့်ကောက်လန်ရွာဘက် ဝင်လာတဲ့ တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့ ၅ ယောက်ဟာ လာအိုနိုင်ငံမှာ စားဖိုမှူးအလုပ်ကို လုပ်ဆောင်ခဲ့ကြောင်း၊ အဲဒီမှာ ၇ လကြာလုပ်ခဲ့ပြီး အလုပ်ရှင်က လုပ်အားခမပေးတဲ့အပြင် စာရွက်စာတမ်း အထောက်အထားတွေလည်း သိမ်းယူထားတယ်၊ ဖိနှိပ်အနိုင်ကျင့်တာတွေလည်း ခံရတယ်၊ အဲဒါကြောင့် မြန်မာပြည်ဘက် အရင်ထွက်ပြေးသွားကြတယ်၊ အဲဒီနောက် မြန်မာပြည်က လမ်းပြငှားပြီး မဲ့ကျူတ်လားဟူရွာကနေ ထိုင်းဘက်ခြမ်းကို တောလမ်းကနေ ကူးလာခဲ့တယ်၊ ထိုင်းနိုင်ငံ ဘန့်မုန့်ကောက်လန်ရွာနားမှာ အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ ၅ ဦးကို မယ်ဖာ့လုံရဲစခန်းမှာ ဖမ်းဆီးထားပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ ဆက်လက်စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ Maesaipress သတင်းမှာ ဖော်ပြပါတယ်။
Source - Maesaipress