ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဟနွိုင်းမှာ ကလေးတွေအပါအဝင် လူ ၅၆ ယောက် သေဆုံးပြီး ၃၇ ယောက်ဒဏ်ရာရခဲ့တဲ့ မီးလောင်မှုဖြစ်ပွားရာ တိုက်ခန်းတွဲဆီကို ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်က စက်တင်ဘာ ၁၃ ရက်မှာ လာရောက် စစ်ဆေးခဲ့ပါတယ်။
လူအယောက် ၁၅၀ လောက်နေတဲ့ ကိုးထပ်အဆောက်အအုံမှာ ညအချိန် မီးလောင်ခဲ့ပြီး ဒေသစံတော်ချိန် မနက် ၂ နာရီမှာ မီးငြိမ်းသွားခဲ့တာလို့ ဗီယက်နမ်သတင်းအေဂျင်စီ (VNA) က ကြေညာပါတယ်။
ဝန်ကြီးချုပ်ချင်ဟာ ဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ ဆေးရုံဆီကိုလည်း သွားရောက်ခဲ့ပါတယ်။
ခရီးစဉ်အပြီးမှာ ချင်က အသေးစားတိုက်ခန်းတွေနဲ့ လူနေထူထပ်တဲ့ လူနေရပ်ကွက်တွေမှာ မီးငြှိမ်းသတ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို အပြီးသတ်အောင်လုပ်ဆောင်ဖို့ အစိုးရ ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုထားပါတယ်။
မီးလောင်မှု ကာကွယ်တားဆီးရေး စည်းမျဉ်းတွေကို ဖောက်ဖျက်တယ်လို့ စွပ်စွဲထားတဲ့ အဆောက်အအုံပိုင်ရှင် ငိမ်ကွမ်မိန်းကို ရဲက ဖမ်းထားတယ်လို့ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒီမီးလောင်မှုကို စုံစမ်းစစ်ဆေးနေပါတယ်။
Source/Photo - Reuters