Home
မြန်မာသတင်း
မုံရွာထောင်တွင်း နိုင်ကျဉ်းများ၏ အစာငတ်ခံဆန္ဒပြ တောင်းဆိုချက်များ လိုက်လျော
DVB
·
September 13, 2023
MonYwa prison_13092023

မုံရွာအကျဉ်းထောင်မှာအစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တိုက်ပွဲ ၅ ရက်မြောက်နေ့မှာ တောင်းဆိုချက် ၄ ချက်ကို ထောင်အာဏာပိုင်တွေဘက်က လိုက်လျောခဲ့ပြီး အောင်မြင်ခဲ့ပေမဲ့ ဒါဟာ ရေတိုသဘောသာဖြစ်တယ်လို့ မုံရွာသပိတ် ဦးဆောင်ကော်မတီက ပြောပါတယ်။

စက်တင်ဘာ ၉ ရက်က စတင်ခဲ့တဲ့ ထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲဟာ စက်တင်ဘာ ၁၃ ရက် ဒီကနေ့မှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့ တောင်းဆိုချက် ၄ ရပ်ကို လိုက်လျောပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဟာ ရေတိုသဘောမျိုး အောင်မြင်ခဲ့တာဖြစ်ပြီး ပြန်ပြီး ဖိနှိပ်လာနိုင်လို့ သတိထားပြီး စောင့်ကြည့်လိုတယ်လို့ မုံရွာသပိတ် ဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

“ခုအောင်မြင်တာက ရေတိုသဘောပဲ ရှိပါသေးတယ်။ ထောင်ရဲ့ထုံးစံအတိုင်း အချိုသပ်ပြီး အလျှော့ပေးလိုက်ပြီး နောက်တချိန်မှာ ပြန်ပြီး ဖိနှိပ်လာနိုင်တာမျိုး သတိကြီးကြီးထားပြီး စောင့်ကြည့်ရပါမယ်။ အကျဉ်းသားတွေရဲ့ အခြေခံရပိုင်ခွင့်ကို ချိုးဖောက်တဲ့အတွက် ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ အကျဉ်းသားတွေဘက်က တောင်းဆိုတာက ခွင့်ပြုထားတဲ့ ပစ္စည်းတွေ ပြန်လည်ရရှိဖို့ပါပဲ။ ဒါကတော့ ထောင်တွေရဲ့ လုပ်နည်းပါပဲ။ ထောင်ထဲရောက်လာတဲ့သူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ချိုးဖဲ့တာ၊ အကြောက်တရား သွင်းတာ၊ လူ့သိက္ခာကို အညွန့်ချိုးတာ၊ ဒီအပေါ်မှာ ဒီလို တရားမဲ့ပြုလုပ်တာပဲ ဖြစ်ပါတယ်။”

အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ သိမ်းဆည်းခံရတဲ့ စာအုပ်တွေ ပြန်ပေးဖို့၊ အကျဉ်းသားတဦးကို ပုံစံ ၃ စုံစီ ခွင့်ပြုထားပေမဲ့ သိမ်းဆည်းသွားတာကို ပြန်ပေးဖို့၊ သိမ်းဆည်းသွားတဲ့ စားအိုးစားခွက်တွေ၊ အစား‌အသောက်နဲ့ ဟင်းတွေ ပြန်ပေးဖို့နဲ့ တဦးကို စာ ၁၀ စောင်၊ ပုံ ၁၀ ပုံ ခွင့်ပြုထားပေမဲ့ သိမ်းဆည်းသွားတဲ့ ပုံတွေကို ပြန်ပေးဖို့ဆိုတဲ့ အချက် ၄ ချက် ရရှိရေးအတွက် ဆန္ဒပြတိုက်ပွဲဝင်ခဲ့တာပါ။

မုံရွာသပိတ် ဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက “မီဒီယာတွေရော ပြည်သူတွေပါ ဒီကိစ္စကို ဆက်လက်စောင့်ကြည့်နေဖို့ လိုပါတယ်။ ဒီကောင်တွေက ဘယ်တော့မှ သူတို့ရှုံးသွားတယ်၊ အလျှော့ပေးလိုက်ရတယ်ဆိုတာကို ငြိမ်ခံ လက်ခံတာမျိုး မရှိဘူး။ အထူးသဖြင့် ထောင်တွင်းတိုက်ပွဲတွေက ပိုဆိုးတယ်။ သူတို့က အကျဉ်းသား အချုပ်သားကို အလျှော့ပေးရတယ်ဆိုတာ အဖြစ်မခံဘူး။ ဒီလိုသတင်းက ထောင်တွင်းပြန့်သွားရင် သူတို့ထောင်ကို ထိန်းရခက်မှာ စိုးရိမ်ကြတယ်။ ဆိုတော့ အချိုသပ်ပြီး တိုက်ပွဲရပ်သွားတဲ့ အချိန်ကျရင် ပုံစံတမျိုးနဲ့ ပြန်တင်းတာမျိုး၊ နှိပ်စက်တာမျိုး၊ ပြန်ဖိတာမျိုးတွေ လုပ်ပြီး တခြားအကျဉ်းသားတွေကို ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုပြီး ပြလေ့ရှိတယ်။ ဒါကြောင့် ဆက်လက်ပြီး သတိထား စောင့်ကြည်နေဖို့ သတင်းပါးပါရစေ” လို့ မေတ္တာရပ်ခံထားပါတယ်။

လက်ရှိမှာတော့ အစာငတ်ခံဆန္ဒပြပွဲ အောင်မြင်သွားတဲ့အတွက် မုံရွာအကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားတွေက တောင်းဆိုချက်တွေကို လိုက်‌လျောလာစေဖို့ ပါဝင်အားဖြည့် ကူညီပေးခဲ့ကြတဲ့ တော်လှန်ပြည်သူတွေနဲ့ ပြည်တွင်း ပြည်ပ မီဒီယာတွေကို ကျေးဇူးအထူးတင်ကြောင်း ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024