အတန်ကြာ ဈေးငြိမ်နေခဲ့တဲ့ ပဲတီစိမ်းက ရက်ပိုင်းအတွင်း အဝယ်ပြန်သွက်လာတဲ့အတွက် ဈေးပြန်မြင့်တက်လာတယ်လို့ ကုန်စည်ဒိုင်တွေနဲ့ ပဲတီစိမ်း ရောင်းချသူတွေထံကနေ သတင်းရရှိပါတယ်။
မန္တလေးကုန်စည်ဒိုင်အတွင်းမှ ပဲကုန်သည်တဦးက “တရုတ်ဘက်က အဝယ်နည်းနည်းရှိတော့ ဈေးပြန်တက်လာတဲ့ သဘောပါ။ ဘယ်လောက်ထိတက်မယ် ဆိုတာတော့ ပြောရခက်ပါတယ်။ ပဲတီစိမ်းက ဒီနှစ် တော်တော်ဈေးရနည်းခဲ့တာဆိုတော့ ဈေးမြင့်တုန်း ရောင်းထားရင်တော့ မဆိုးဘူးပေါ့။ ဒီထက်လည်း တက်ဖို့ရာတော့ သိပ်တော့မရှိဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းအထက်စ တအိတ်ကို ကျပ် ၁၆၈,၀၀၀ ကနေ ၁၇၅,၀၀၀ ကြား ပေါက်ဈေးရှိနေပြီး ၃ ရက်အတွင်း တအိတ်ကို ၇,၀၀၀ ကျပ်လောက် ဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
နယ်ဈေးကွက်တွေဖြစ်တဲ့ မုံရွာမှာလည်း တတင်းကို ကျပ် ၄၉,၀၀၀ ကနေ ၅၄,၅၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၅၀၀ ကနေ ၁,၀၀၀ ကျပ်ကြား ဈေးမြင့်တက်လာပါတယ်။
“ဒီနှစ်က ပဲတီစိမ်း ရှုံးတယ်ပြောရမယ်။ တရုတ်ကားလမ်းတွေ ပိတ်တယ်၊ မူဝါဒ အပြောင်းအလဲတွေကြောင့် အဝယ်သိပ်မရှိတော့ ဈေးကလည်း မရဘူး” လို့ မကွေးတိုင်းဒေသကြီးအတွင်းမှာ ပဲတီစိမ်းစိုက်ပျိုးသူ တောင်သူ ကိုညိုမင်းက ပြောပါတယ်။
ပဲတီစိမ်း ရာသီပေါ်စမှာ ပဲတီစိမ်းအထက်စ တအိတ်ကို ငွေကျပ် ၂ သိန်းအထိ ရှိရာက ပြီးခဲ့တဲ့ ၃ လအတွင်း အထက်စ တအိတ်ကို ငွေကျပ် ၃ သောင်းနီးပါး ဈေးကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပဲတီစိမ်းကို တရုတ်နိုင်ငံဆီ အဓိကထား တင်ပို့ပေမဲ့ မြန်မာ့ပဲတီစိမ်းတွေ တရုတ်ဘက်ရောက်ရှိချိန်မှာ ဖမ်းဆီးခံရတာ၊ တရားမဝင်ဖြစ်တာ တို့ကြောင့် ကုန်သည်တွေ အရှုံးပေါ်လို့ ဝယ်ယူရောင်းချမှု လျော့နည်းသွားတာလို့ ကုန်သည်တချို့က ဆိုပါတယ်။
စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်အရ ၅ လအတွင်း ပြည်ပကို ပဲတီစိမ်းတန်ချိန် ၂ သိန်း ၃ သောင်းနီးပါး တင်ပို့ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ထက် တန်ချိန် ၇ သောင်းခန့် လျော့နည်းတယ်လို့ သိရပါတယ်။