ထိုင်ဝမ်ရေလက်ကြားတလျှောက် တင်းမာမှုတွေ မြင့်တက်နေတဲ့ကြားက စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက တရုတ်လေတပ်လေယာဉ် ၂၈ စင်းကို ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေးဇုန်မှာ တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါဟာ ပုံမှန်နှောင့်ယှက်မှုလို့ ထိုင်ဝမ်အစိုးရက ပြောပါတယ်။ J-10 တိုက်လေယာဉ်တွေ အပါအဝင် တရုတ်စစ်လေယာဉ်တွေဟာ ထိုင်ဝမ်ကျွန်းရဲ့ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် ADIZ ရဲ့ အနောက်တောင်ဘက်စွန်းဆီ မနက် ၆ နာရီမှာ စတင်ပျံသန်းခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ပစိဖိတ်သမုဒ္ဒရာထဲက တရုတ်လေယာဉ်တင်သင်္ဘော ရှန်တုံးနဲ့အတူ စစ်ရေးလေ့ကျင့်ဖို့ တရုတ် လေယာဉ်တချို့လည်း ပါးရှိရေလက်ကြားကို ဖြတ်ကျော်လာခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်က ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် ရှုမြင်နေတာပါ။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ သူ့ရဲ့ အချုပ်အခြာအာဏာကို အခိုင်အမာ တောင်းဆိုနေချိန်မှာ တရုတ်ပြည်မကြီးအစိုးရက အချုပ်အခြာအာဏာကို အခိုင်အမာ ကြိုးပမ်းနေပါတယ်။
မကြာသေးမီနှစ်တွေအတွင်းက ထိုင်ဝမ်ကျွန်းနားမှာ တရုတ်စစ်တပ်က အရှိန်မြှင့် လှုပ်ရှားလာတာကို ထိုင်ဝမ်အစိုးရက မကျေမနပ် တိုင်တန်းခဲ့ပါတယ်။
Source/Photo-Reuters