သြစတြီးယားနိုင်ငံ၊ ဆားလ်ဇ်ဘာ့ဂ်မြို့စွန်ရှိ ဟဲလ်ဘရွန်း တိရစ္ဆာန်ရုံမှာ စက်တင်ဘာလ ၁၂ ရက်က ဝန်ထမ်းအမျိုးသမီး တယောက်ကို ကြံ့တကောင်က အသေဖိကြိတ်သတ်ပစ်ခဲ့ပြီး နောက်ထပ်ဝန်ထမ်းတဦးကတော့ ဒဏ်ရာရရှိခဲ့တယ်လို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ တိရစ္ဆာန်တွေကို အစာကျွေးပြီး အင်းဆက် ပိုးသတ်ဆေးနဲ့ ကုသပေးနေကျ မနက်ခင်း တာဝန်ချိန်တွေအတွင်း ဖြစ်ပွားခဲ့တာလို့ ဟဲလ်ဘရွန်း တိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာ ဆားဘီးန် ဂရဘ်နရ် က ပြောပါတယ်။
သေဆုံးသူ အသက် ၃၃ နှစ်အရွယ် ဂျာမန်အမျိုးသမီးဟာ ကြံ့တွေနဲ့ပတ်သက်လို့ အထူးကျွမ်းကျင်တဲ့ အတွေ့အကြုံရှိ ဝန်ထမ်းဖြစ်ကြောင်း တိရစ္ဆာန်ရုံ ဒါရိုက်တာဆားဘီးန်ဂရဘ်နရ်က ပြောပါတယ်။
မနက်တိုင်း နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့အတိုင်းပဲ လုပ်ရိုးလုပ်စဉ်တွေပဲ လုပ်ပေးနေခဲ့တာဖြစ်ပြီး အခုဖြစ်ရပ်က ဘာတွေကွာခြားသွားလဲ မသိကြောင်းနဲ့ စုံစမ်းမှုကနေ ရလဒ်ထွက်လာတာကို တွေ့ရမှာပါလို့လည်း ဆိုပါတယ်။
ဒဏ်ရာရတဲ့ တိရစ္ဆာန်ရုံစောင့် အမျိုးသားကိုတော့ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့် သူကတော့ အသက်အန္တရာယ် မရှိခဲ့ပါဘူး။
လုပ်ဖော်ကိုင်ဖက် အမျိုးသားက တိရစ္ဆာန်အစာအတွက် တာဝန်ယူထားတာဖြစ်ပါတယ်။ ယဲတီ လို့ခေါ်တဲ့ အလေးချိန်မှာ ၁ ဒသမ ၈ တန် ရှိတဲ့ ကြံ့အမ တကောင်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဟာ ကြေကွဲစရာကောင်းပြီးတော့ ကြောက်စရာလည်း ကောင်းကြောင်း ဂရဘ်နရ် က ပြောပါတယ်။
တိရိစ္ဆာန်ရုံမှာရှိတဲ့ ကြံ့တွေအားလုံးဟာ ဒီနေရာမှာ ရှိနေတာ ကြာနေပြီဖြစ်ပြီး သူတို့ကိုစောင့်ရှောက်သူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုရှိတယ်လို့လည်း ဆိုပါတယ်။
Source/Photo - Reuters