၃ လကျော်ကြာ ပိတ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ ကလေး-တမူးလမ်းကို စက်တင်ဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းမှာ ပြန်လည်အသုံးပြုလို့ရပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ရေးအခြေအနေနဲ့ တိုက်ပွဲတွေ ငြိမ်သက်သွားတာကြောင့် နှစ်ဖက်အဖွဲ့အစည်းတွေက လမ်းကို ပြန်လည်အသုံးပြုခွင့်ပေးခဲ့တာလို့ ဆိုပါတယ်။
ကုန်တင်ယာဉ်လိုင်းအသင်း တာဝန်ခံတဦးက “ဒီမနက်ပိုင်းမှာ ပြန်ဖွင့်ပေးလိုက်တာဗျ။ အရင်ကတော့ ခါမ်းပတ်အထိ သွားပြီး ခါမ်းပတ်ကနေတဆင့် အိန္ဒိယဘက်သွား၊ အိန္ဒိယကတဆင့် တမူးကိုကူး အမျိုးမျိုးသွားခဲ့ရတာ။ အခုတော့ တိုက်ရိုက်ပွင့်သွားလို့ အဆင်ပြေသွားတယ်” လို့ ပြောပါတယ်။
ကလေး-တမူးကားလမ်းမဟာ ဇွန်လဆန်းပိုင်းက စတင်ပြီး ပိတ်နေခဲ့ရာ သုံးလကျော် ကြာမြင့်ခဲ့တာပါ။
တမူးမြို့ခံတဦးက “လမ်းပွင့်သွားတော့ ကျနော်တို့ တမူးသားတွေအတွက် ဝမ်းသာစရာ သတင်းပါ။ ကျနော်တို့ဆီ အစစအရာရာ ပြတ်တောက်နေခဲ့တာ။ ညနေပိုင်း ကုန်ကားတွေ ဝင်မယ်လို့ ကြားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သုံးလကျော်ကြာ ပိတ်နေခဲ့တာကြောင့် ကလေးမြို့ကနေ မိုင် ၈၀ ကျော် ကွာဝေးတဲ့ တမူးမြို့မှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီတွေ ပြတ်လပ်ခဲ့ပြီး မြို့ခံတွေ အခက်အခဲ ဖြစ်နေကြရပါတယ်။