ပြည်ပအဝယ်ရှိနေသလို ပြည်တွင်းဝယ်လိုအားလည်း တိုးလားတာကြောင့် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ စျေးနှုန်းတွေ ပြန်လည်မြင့်တက်လာတယ်လို့ ကြက်သွန်ရောင်းဝယ်ရေး ကုန်စည်ဒိုင်တွေဆီက သိရပါတယ်။
ကြက်သွန်နီစျေးနှုန်းဟာ စက်တင်ဘာ ၈ ရက် အပိတ်စျေးနှုန်းအရ အမျိုးအစားပေါ်လိုက်ပြီး ၁ပိဿာကို ကျပ် ၂,၆၀၀ ကနေ ၃,၀၀၀ အထိသာရှိပေမဲ့ စက်တင်ဘာ ၁၁ ရက် အဖွင့်စျေးနှုန်းအရ ၁ ပိဿာကို ကျပ် ၃,၂၀၀ ကနေ ၃,၇၀၀ အထိရှိလာပြီး ၁ပိဿာကို ကျပ် ၆၀၀ ကနေ ၇၀၀ အထိ မြင့်တက်ခဲ့ပါတယ်။
ကြက်သွန်ဖြူစျေးနှုန်းဟာလည်း စက်တင်ဘာ ၈ ရက် အပိတ်စျေးနှုန်းအရ အမျိုးအစားပေါ်လိုက်ပြီး ၁ ပိဿာကို ကျပ် ၈,၀၀၀ မှ ၈,၉၀၀ ထိရှိပေမဲ့ စက်တင်ဘာ ၁၂ ရက် အဖွင့်စျေးနှုန်းအရ ၁ ပိဿာကို ကျပ် ၈,၄၀၀ ကနေ ၉,၅၀၀ အထိရှိလာပြီး ၁ ပိဿာကို ကျပ် ၄၀၀ မှ ကျပ် ၆၀၀ အထိ မြင့်တက်လာပါတယ်။
အောင်ပန်းကုန်စိမ်းရောင်းဝယ်သူတဦးက “ကြက်သွန်ဖြူကော အနီပါ စျေးတက်ပါတယ်။ အဓိကက ဘင်္ဂလားဒေ့ရှ်က ဝယ်လိုအား ပြန်မြင့်လာလို့ပါ။ ပုံမှန်ဆို အိန္ဒိယက ကြက်သွန်နီဝယ်တယ်၊ ဘင်္ဂလားဒေ့ရှ်က အဖြူဝယ်ပေမဲ့ အခုတော့ ဘင်္ဂလားဒေ့ရှ်ကပါ မြန်မာ့ကြက်သွန်နီကို တင်သွင်းနေလို့ စျေးတွေမြောက်လာတာပါ။ ထပ်တက်ဖို့က သူတို့နှစ်နိုင်ငံပေါ်မှာပဲ မူတည်နေပေမဲ့ သူတို့လိုအပ်ချက် များနေလို့ ထပ်တက်ဖို့ အလားအလာရှိနေတယ်” လို့ ပြောပါတယ်။
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူဟာ ပြည်ပစျေးကွက် အဝယ်လိုက်နေသလို ပြည်တွင်းမှာလည်း စားသုံးမှု ပြန်လည်မြင့်တက်လာတယ်လို့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ရောင်းဝယ်ရေး ဒိုင်တဦးက ပြောပါတယ်။
“တနင်္လာအဖွင့်မှာတည်းက ကြက်သွန်ရောင်းအား ပြန်တက်လာတာ။ တရုတ်ကြက်သွန်တွေ အဝင်နည်းတာနဲ့လည်း ဆိုင်တယ်ထင်တယ်။ မြန်မာကြက်သွန်က တရုတ်ကြက်သွန်ထက် ပိုကောင်းသလို ကြာကြာထားခံပေမဲ့ တရုတ်ကြက်သွန်က လှပြီး သန့်တော့ အဝယ်များတယ်။ ကြက်သွန်နီက ပြဿနာသိပ်မရှိပေမဲ့ ကြက်သွန်ဖြူဆိုရင် ပြည်တွင်းထွက်က သေးတော့ သိပ်မသုံးချင်ဘူး။ ပြည်တွင်းကြက်သွန်က ရောင်းအားတက်လာသလို စျေးလည်း ၅၀၀ ပတ်ဝန်းကျင်လောက် တက်လာတယ်” လို့ ပြောပါတယ်။
ပြည်တွင်းမှာ ကြက်သွန်နီကို ပခုက္ကူ၊ ဆိတ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ရေနံချောင်း၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ မြင်းခြံ၊ တောင်သာ၊ မြစ်သားနဲ့ ကျောက်ဆည်နယ်တို့မှာ စိုက်ပျိုးကြပြီး ကြက်သွန်ဖြူကိုတော့ ရှမ်းပြည်နယ် အောင်ပန်းမြို့၊ တောင်ကြီးမြို့၊ ပင်လောင်းမြို့နယ်နဲ့ ဟိုပုံးမြို့တို့မှာ အဓိကထား စိုက်ပျိုးပါတယ်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ တနှစ်ကို ကြက်သွန်နီပိဿာချိန် သိန်း ၆၀၀ ခန့်နဲ့ ကြက်သွန်ဖြူပိဿာချိန် သိန်း ၅၀ ခန့် စားသုံးတယ်လို့ စစ်ကောင်စီရဲ့ စားသုံးသူရေးရာ ဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံကထွက်တဲ့ ကြက်သွန်တွေကို နယ်စပ်ကုန်သွယ်ရေးနဲ့ ရေကြောင်းကုန်သွယ်ရေး တို့ကတဆင့် ပြည်ပနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ကို တင်ပို့ပါတယ်။