မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်တွေမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစပြီး နိုင်ငံရေးအကျဥ်းသားပေါင်း ၂၄,၀၀၀ ကျော်ထိရှိပြီး ထောင်ဝင်စာပေးပို့ဖို့အတွက် ကန့်သတ်ချက်တွေကြောင့် ကူညီတဲ့အခါမှာ အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် တာဝန်ရှိသူတယောက်က “အကျဥ်းသားတွေကို ထောင်ဝင်စာပေးပို့ဖို့ဆိုရင် မိသားစုဝင်ဖြစ်မှ ရတာတွေ၊ အိမ်ထောင်စုဇယားပါမှ ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကြောင့် ကိုယ်တိုင်ထောင်ဝင်စာပို့ဖို့ ခက်ခဲပါတယ်။ ကျနော်တို့ကိုဆက်သွယ်တဲ့ သူတို့ မိသားစုဝင်တွေ၊ ပို့ပေးလို့ရတဲ့သူတွေကိုသာ ပို့ပေးရပါတယ်ဗျ” လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဥ်းသား အများအပြား ရှိနေတဲ့အတွက် လူတိုင်းကို ကူညီဖို့အတွက် ခက်ခဲနေပြီး အလိုအပ်ဆုံးဖြစ်နေတဲ့သူတွေ၊ မိသားစုက မထောက်ပံ့နိုင်တဲ့သူတွေ၊ အရေးတကြီး လိုအပ်နေတဲ့ သူတွေကိုသာ ဦးစားပေးအနေနဲ့ ကူညီပေးနေရတယ်လို့ ပြောပါတယ်။
နိုင်ငံရေးအကျဥ်းသားတွေဟာ ထောင်တွင်းအကြမ်းဖက်မှုကို အများဆုံးခံရပြီး အချိန်ကြာကြာ တိုက်ပိတ်ခံရတာတွေ၊ အမျိုးသမီးများသာမက အမျိုးသားတွေပါ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ၊ ရိုက်နှက်နှိပ်စက်ခံရတာတွေ၊ စစ်ကြောရေးမှာ လက်လွန်အောင် နှိပ်စက်တာတွေ၊ ထောင်ရွှေ့ပြောင်းတာတွေ စသဖြင့် အကြမ်းဖက်ခံနေရတယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်ကစတဲ့ အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း ၂၀၂၃ ခုနှစ်က ထောင်တွင်းအကြမ်းဖက်ခံရမှု အများဆုံးဖြစ်နေတယ်လို့ ထောင်ဝင်စာပေးပို့သူတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်ဟာ မြန်မာနိုင်ငံအနှံ့က ထောင် ၁၇ ထောင်က နိုင်ငံရေးအကျဥ်းသားတွေကို ကူညီပေးခဲ့ပြီး ဆက်သွယ် အကူအညီ တောင်းလာသူတွေကိုလည်း စိစစ်ပြီး ကူညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။