ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးတဦး စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးခံခဲ့ရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇင်ယော် စက်သုံးဆီဆိုင်ကို ဘူဒိုဇာနဲ့ ဖြိုချခဲ့ပြီးနောက် ပိုင်ရှင် ဇနီးမောင်နှံကို စစ်ကောင်စီက ဖမ်းဆီးနှိပ်စက် စစ်ဆေးစဉ် ဒေါ်ခင်မာရွှေဟာ စက်တင်ဘာ ၁၂ ရက် မနက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက “ဇင်ယော်စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်နဲ့ နေအိမ်ကို သြဂုတ် ၃ ရက်နေ့မှာ ဘူဒိုဇာနဲ့ ထိုးပြီးဖြိုတယ်။ PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆီဆိုင်နဲ့ နေအိမ်ကို ဖြိုချပြီး ဆီဆိုင်ဝန်ထမ်း အယောက် ၂၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့အတွက် သူတို့ လင်မယားနှစ်ယောက်က ဖြေရှင်းဖို့ ပြန်လာတာ။ အဲဒါ လင်မယားနှစ်ယောက်လုံး အဖမ်းခံရတာ။ စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး ဒေါ်ခင်မာရွှေ သေဆုံးသွားတယ်” လို့ ပြောပါတယ်။