ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၃၅၀ တပ်ရင်းက တပ်ဖွဲ့ဝင် ၂ ဦးဟာ တပ်စခန်းကို စွန့်ခွာပြီး စက်တင်ဘာ ၁၁ ရက်နေ့က လက်နက်ခဲယမ်းတွေနဲ့အတူ တပ်မဟာ ၃ လက်အောက်ခံ KNLA တပ်ဖွဲ့ဆီ လာရောက်ပူးပေါင်းခဲ့တယ်လို့ တပ်မဟာ ၃ တပ်မဟာမှူးက ပြောပါတယ်။
စစ်ကောင်စီရဲ့ ခမရ ၃၅၀ သံဆိပ်တပ်စခန်းက တပ်သား ၂ ဦးဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ လက်အောက်ခံ KNLA တပ်ရင်း ၇၊ ရှေ့တန်းတပ်ခွဲ ၂ ဆီကို လက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တာဖြစ်ပြီး KNLA တာဝန်ရှိသူတွေက နွေးထွေးစွာကြိုဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ငွေကျပ်သိန်း ၄၀ စီ ချီးမြှင့်ခဲ့ပါတယ်။
စစ်ကောင်စီက မတရားအာဏာသိမ်းပြီး ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ လူ့အခွင့်ရေးချိုးဖောက်တာ စတဲ့လုပ်ရပ်တွေကို မကြိုက်နှစ်သက်တာကြောင့် တပ်သား စောဒါသာနဲ့ ဖြိုးကိုကို တို့ ၂ ဦးဟာ MA 1 နှစ်လက်၊ ကျည် ၂၃၇ တောင့်အတူ လာရောက်ပူးပေါင်းခဲ့ကြတာပါ။
တပ်မဟာ ၃ တပ်မဟာမှူးက “စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက်နှစ်သက်တော့လို့ လာရောက်ပူးပေါင်းကြတာပါ။ သူတို့ကို ကောင်းကောင်းမွန်မွန် လက်ခံထားပေးတယ်။ ပူးပေါင်းဖို့ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရင် လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်တယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၁ ရက် ညနေ့ ၅ နာရီခွဲလောက်က ကျောက်ကြီးနဲ့ မုန်းမြို့နယ်ကြားက ခမရ ၄၃၉ တပ်ရဲ့ သစ်ချဆိပ်စခန်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တာကြောင့် စခန်းသိမ်းတိုက်ပွဲအပြီး မြေပြင်လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့အပြင် မြေပြင်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ တပ်မဟာ ၃ တာဝန်ရှိသူဆီက သိရပါတယ်။