မင်္ဂလာဒုံမြိုနယ် ထောက်ကြန့်မြို့ နွယ်ခွေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ ဇမ္ဗူရတနာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ကို ကျောင်းနေသံဃာတော်တပါးက တူနဲ့ထုသတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"ကျောင်းမှာ အုတ်တံတားခတ်နေတဲ့အချိန် သူ့ကိုကြိမ်းမောင်းတယ်ဆိုပြီး တူနဲ့ထုလိုက်တာ။ ဦးဇင်းတွေ၊ ကိုရင်တွေလည်းရှိတယ်၊ တားလို့မရဘူး၊ ဆေးရုံပို့ဖို့လုပ်နေတဲ့အချိန် ပျံလွန်တော်မူသွားတာ။ ဆရာတော်က ဘွဲ့ရပညာတတ်၊ အေးဆေးသမား။ ကြိမ်းမောင်းတယ်ဆိုတာမဖြစ်နိုင်ဘူး။"
ကျောင်းထိုင်ဆရာတော် ဦးသိရိန္ဒမှာ သီလပေးအဆောင် ဘုရားခန်းရှေ့ Dream Bed ပေါ်မှာ ပက်လက်အနေအထားနဲ့ ပျံလွန်တော်မူနေပြီး ချိုစောင်းစုတ်ပြတ်ဒဏ်ရာတချက်၊ နှာခေါင်း၊ နား၊ ပါးစပ်တို့မှာ သွေးတွေ ထွက်နေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"တူနဲ့ထုသတ်တဲ့ဘုန်းကြီးက အဲ့ကျောင်းမှာလာဝတ်တာ မကြာသေးဘူး၊ ၅ ဝါပဲရသေးတယ်၊ ဖမ်းမိတယ်၊ လူဝတ်လဲထားတယ်။"
လက်တလောမှာ ပြစ်မှုကျူးလွန်သူ ဦးဇင်းဣန္ဒာစာရကို မင်္ဂလာဒုံမြို့မရဲစခန်းမှာ လူဝတ်လဲပြီး စစ်ဆေးနေတယ်လို့ သူကပြောပါတယ်။
ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော်ဦးသိရိန္ဒဟာ သက်တော် ၅၄ နှစ် ဝါတော် ၃၀ ရှိပြီး ဓမ္မာစရိယဘွဲ့ရရှိထားသူဖြစ်သလို သီရိလင်္ကာမှ MA ဘွဲ့နဲ့ အိန္ဒိယနိုင်ငံမှ Ph.D ရရှိထားသူဖြစ်ကာ အရင်ကဓမ္မဒူတတောရမှာ စာချတရားဟောနေသူလည်းဖြစ်ပါတယ်။