အောက်တိန်း(ဓာတ်ဆီ) စက်သုံးဆီစျေးနှုန်းဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက စံချိန်တင်ခဲ့တဲ့ အမြင့်ဆုံးနှုန်းကို ပြန်လည်ရောက်ရှိလာတယ်လို့ စျေးကွက်စာရင်းတွေအရ သိရပါတယ်။
ပြည်တွင်းစက်သုံးဆီစျေးကွက်မှာ ၂၀၂၂ ဇွန်လလယ်ပိုင်းက ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာ အောက်တိန်း 92 တလီတာကို ၂,၃၀၅ ကျပ်၊ အောက်တိန်း 95 တလီတာကို ၂,၃၇၀ ကျပ်၊ ဒီဇယ်တလီတာကို ၂,၆၁၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၂,၆၄၀ ကျပ်နဲ့ ရောင်းချပြီး အမြင့်ဆုံးစံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ အောက်တိန်း 92 တလီတာကို ၂,၃၀၅ ကျပ်နဲ့ မနှစ်ကစျေးနဲ့ တူညီနေခဲ့ပြီး အောက်တိန်း 95 က တလီတာ ၂,၄၂၅ ကျပ်နဲ့ အမြင့်ဆုံးစံချိန်ကို ချိုးသွားခဲ့တယ်လို့ စျေးကွက်စာရင်းတွေအရ သိရပါတယ်။
ဒါ့အပြင် ဒီဇယ်ဆီက တလီတာကို ၂,၅၃၅ ကျပ်၊ ပရီမီယံဒီဇယ်က တလီတာကို ၂,၆၁၀ ကျပ်နဲ့ ရောင်းချနေပြီး မနှစ်ကစံချိန်နဲ့ နီးကပ်လာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်နေသူတွေက ဆိုပါတယ်။
အလတ်စား စက်သုံးဆီဆိုင်ဖွင့်ထားသူတဦးက “စက်သုံးဆီစျေးက တအိအိတက်နေတာ။ ရောင်းတဲ့သူတွေလည်း တရက်စျေးနဲ့ တရက်မတူတော့ ထိခိုက်မှုတွေရှိနေတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့က အငှားယာဥ်မောင်းတဦးကလည်း ကုန်စျေးနှုန်းကြီးမြင့်လို့ ခရီးသွားတွေ ယာဥ်ငှားစီးတာ နည်းနေချိန်မှာ စက်သုံးဆီစျေး တက်လာတာကြောင့် အခက်အခဲ တွေ့ရတယ်လို့ ဆိုပါတယ်။
ပြည်တွင်းစက်သုံးဆီစျေးဟာ ကမ္ဘာ့ရေနံစိမ်းစျေးနဲ့ နိုင်ငံခြားငွေလဲနှုန်းပေါ် အခြေခံနေတာ ဖြစ်တယ်လို့ စျေးကွက်စောင့်ကြည်သူတွေက ဆိုပါတယ်။
ဒီနေ့ ကမ္ဘာ့ရေနံစိမ်းစျေးဟာ တစည်ကို ၈၇ ဒေါ်လာနီးပါးရှိပြီး စက်တင်ဘာလဆန်းပိုင်းကထက် ၈ ဒေါ်လာလောက် တက်သွားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ဇွန်လက စက်သုံးဆီစျေး စံချိန်တင်စဥ်က ကမ္ဘာ့ရေနံစိမ်းစျေးဟာ တစည်ကို ၁၂၂ ဒေါ်လာ ရှိခဲ့တာကြောင့် လက်ရှိ စက်သုံးဆီစျေးကြီးမြင့်မှုက ပြည်တွင်း ဒေါ်လာငွေတန်ဖိုး မြင့်တက်မှုကြောင့် ပိုအဓိကကျနေတယ်လို့ စျေးကွက်စောင့်ကြည့်သူတွေက ပြောပါတယ်။