Home
နိုင်ငံတကာ
ထိုင်းရွာသူကြီး၏ ညစာစားပွဲ၊ ပစ်သတ်ခံရသည့် ရဲအရာရှိနှင့် အဆုံးစီရင်သွားသည့် စခန်းမှူး 
နန်းမြနဒီ
·
September 12, 2023
855521-1

ထိုင်းနိုင်ငံ၊ နခွန်းပထုန်ခရိုင်ထဲမှာ စက်တင်ဘာ ၆ ရက်ညက ရွာသူကြီးတည်ခင်းတဲ့ ညစာစားပွဲမှာ ရဲမှူးတယောက် ပစ်သတ်ခံရတဲ့နောက် လူသတ်သမားကို ရဲက အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး ညစာစားပွဲအတူတက်ခဲ့တဲ့ တခြားရဲတပ်ဖွဲ့ဝင် ၂၅ ဦးလုံးကို ခရိုင်ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးကာ ၆ ဦးကို တာဝန်ဝတ္တရားလစ်ဟင်းမှုနဲ့ အလုပ်ဖြုတ်လိုက်ပါတယ်။

ညစာစားပွဲ ဦးဆောင်တက်ရောက်ခဲ့တဲ့ စခန်းမှူး/ ရဲမှူးကြီးကတော့ စက်တင်ဘာ၁၁ ရက် က သူ့ကိုယ်သူ သေနတ်နဲ့ ပြန်ပစ်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။

ညစာစားပွဲတက်ခဲ့တဲ့ ရဲတွေကို စစ်ဆေးအရေးယူတာဟာ အခင်းဖြစ်တဲ့နေ့က မိမိလုပ် ဖော်ကိုင်ဘက်၊ အထက်အရာရှိ ရဲမှူးတစ်ယောက်လုံး သေနတ်ပစ်ခံရတာကို သိလျက်နဲ့ လူသတ်သမားကို လိုက်မဖမ်းတဲ့အပြင် အပြစ်ကလွတ်ကင်းအောင် လွတ်ရာကိုပို့ဆောင်ပေးခဲ့တာ၊ အခင်းဖြစ်တဲ့နေရာက သက်သေခံပစ္စည်းတွေ ဖျောက်ဖျက်ရာမှာ ဝင်ရောက်ကူညီတာ၊ ဝန်ထမ်းကျင့်ဝတ်ဥပဒေက ကန့်သတ်ထားတဲ့ နယ်မြေတွင်းရှိ ဩဇာညောင်းသူတွေနဲ့ အရောတဝင် ပေါင်းသင်းဆက်ဆံတာ၊ တာဝန်ဝတ္တရားကို ျစ်လျူရှုတာ စတဲ့ ပြစ်ချက်တွေ ပါဝင်ပါတယ်။

ညစာစားပွဲတည်ခင်းသူဟာ နခွန်းပထုန်မြို့နယ် တာကောင့်အုပ်စုက ရွာသူကြီး  နုတ်ခ် (ခ)  နိုင်းပဝင်းကျန်ခလိုက် ( အသက် ၃၄ နှစ် ) ဖြစ်ပြီး ရဲကို ပစ်ခတ်သူကတော့ သူ့ရဲ့လူယုံတော် နိုင်းနောင် ထာ့ဖာ ( ၄၅ နှစ် ) ဖြစ်ပါတယ်။

မျက်မြင်သက်သေတို့ ထွက်ဆိုချက်အရ သူကြီး နုတ်ခ်ဟာ အဆိုပါညစာစားပွဲမှာ အသစ် ပြောင်းလာတဲ့ အမြန်လမ်းရဲမှူး ဆီဝကွဏ်း ဆိုင်ဘိုကို မိမိတူဖြစ်သူ ရဲတပ်သားအား ယာဉ်ထိန်းရဲနေရာမှာ ‌ရွှေ့ပြောင်းပေးဖို့ညှိနိုင်းခဲ့ကြောင်း၊ ရဲမှူးဆီဝကွမ်းက လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ငြင်းဆိုခဲ့ကြောင်း၊ သူကြီးနုတ်ခ်က မကျေနပ်လို့  သူ့တပည့် နိုင်းနောင် ကို မျက်နှာရိပ်ပြလိုက်ရာ နိုင်းနောင်က သေနတ်နဲ့  အနည်းဆုံး ၇ ချက်ပစ်ခတ်ပြီး ထွက်ပြေး သွား ခဲ့တယ်လို့ ပြောပါတယ်။ အဆိုပါဖြစ်ရပ်မှာ ရဲ ၃ ဦးထိခိုက်ဒဏ်ရာရပြီး ပစ်မှတ်ထားခံရတဲ့ ရဲမှူး ဆီဝကွဏ်းကတော့ ဆေးရုံရောက်တာနဲ့ သေဆုံးသွားပါတယ်။ 

ခရိုင်ရဲတပ်ဖွဲ့က သူကြီးနုတ်ခ်ကို ဖမ်းထားပြီး နိုင်းနောင်ကို လိုက်လံရှာဖွေရာမှာ စက်တင်ဘာ ၇ ရက် မနက်ပိုင်းမှာ ကန်ကျနပူရီမြို့နယ်ရှိ  အိမ်ရာဟောင်းတစ်ခုမှာ ပုန်းခိုနေပြီး တာဝန်ရှိသူတွေကို ပြန်လည်ခုခံတဲ့အတွက် ရဲတွေက သူ့ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

အခင်းဖြစ်တဲ့ညက စခန်းမှူး/ရဲမှုူးကြီး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် ရှိနေပါလျက် ဘာကြောင့် လူဆိုးနဲ့ အိမ်ရှင်လွတ်သွားသလဲလို့  စုံစမ်းရေးရဲတပ်ဖွဲ့ကမေးရာမှာတော့ သူတို့တွေ လူနာကို အရင်ဦးစားပေးပြီး ဆေးရုံလိုက်ပို့နေရလို့ပါလို့ ဖြေဆိုပြီး အခင်းဖြစ်တဲ့ကိစ္စလည်း  တယောက်တပေါက်စီ ဖြေဆိုနေခဲ့ပါတယ်။

ခရိုင်ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေရောက်လာချိန်မှာ အလုပ်သမားတွေက သွေးစတွေကို ရေပိုက်နဲ့ ဆေးချနေပြီး အဲဒီအိမ်က စီစီကင်မရာဆာဗာတွေလည်း အကုန်ဖြုတ်ထားတာကို တွေ့ရ ပါတယ်။ 

လမ်းပေါ်က စီစီကင်မရာတစ်ခုထဲမှာတော့ ရဲတွေဟာ တရားခံကိုထွက်ပြေးနိုင်အောင် ဆိုင်ကယ်နဲ့ရှေ့ကလမ်းပြကူညီပေးနေတဲ့ပုံ ထွက်ပေါ်လာပါတယ်။ ယခင်ညစာစားပွဲတွေမှာ  စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေက သူကြီးနုတ်ခ်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ဆုတောင်းပြီး လွန်စွာရင်းနှီးချစ်ခင်တဲ့ ဗွီဒီယိုဖိုင်ဟောင်းတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ 

သူကြီးနုတ်ခ်မှာ အစိုးရပေးတဲ့လစာ ၁၀၀၀၀ ကျော်သာရရှိပေမဲ့ သူ့မှာ ဆောက်လုပ်ရေးကုမ္ပဏီ ၂ ခုနဲ့ ကုန်တင်ကား၊ ဘက်ဟိုးကား ၁၀၀ ကျော်ပိုင်ဆိုင်ပါတယ်။  သူစီးနေတဲ့ကား ၁ စီးတည်းတင် ဘတ် သန်း ၂၀ ကျော်တန်ပြီး ပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၂၆၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။  တပည့်တပန်းတွေလည်း မွေးထားပြီး သူ့အိမ်မှာ လစဉ်ညစာစားပွဲ၊ ပါတီပွဲတွေ ကျင်းပကာ ရဲတပ်ဖွဲ့ဝင်တွေ ၊ ဌာနဆိုင်ရာအရာရှိတွေ ဖိတ်ကြားကျွေးမွေးလေ့ရှိပါတယ်။

သူဟာ အသက်ငယ်ငယ်နဲ့ သူကြီးရာထူးရ၊ ချမ်းသာကြွယ်ဝနေရတာဟာ ရိုးရိုးသားသား မဟုတ်ဘဲ အာဏာပိုင်တွေနဲ့ ပေါင်းပြီး မသမာမှုတွေလုပ်နေတာ၊ ညစာစားပွဲမှာ ရဲတွေကို စာအိတ် ဝေပေးတယ်လို့လည်း ပြောဆိုမှု တွေရှိ နေပါတယ်။

ဒီမတိုင်ခင်က နခွန်းပထုန်အမြန်လမ်းမကြီးပေါ်မှာ ရဲတွေက အလေးချိန်တန်ပိုတင်ဆောင် တဲ့ကားတွေကို လွှတ်ပေးခဲ့တယ်၊ အဲဒီလိုလွှတ်စေချင်ရင် ရဲတွေဆီက ယုန်တံဆိပ်စတစ်ကာကို  ဘတ်ထောင်နဲ့ချီပေးဝယ်ရတဲ့ တိုင်ချက်တွေလည်းရထားတယ်၊ သက်ဆိုင်ရာက အရေးယူ နှိမ်နင်းပေးဖို့  MFP ပါတီလွှတ်တော်အမတ် ခွန်ဝိရို့တ်က လွှတ်တော်ထဲမှာ တင်ပြထားပါတယ်။ 

ဒါကြောင့် ထိုင်းအမျိုးသားရဲတပ်ဖွဲ့က အမြန်လမ်းတာဝန်ရှိ ရဲမှူးအချို့ကို ရွှေ့ပြောင်းထားပြီး သေနတ်ပစ်ခံရသူ ရဲမှူးဆီဝကွဏ်းကတော့ မကြာသေးခင်ကမှ အသစ်ပြောင်းလာတာလို့ ဆိုပါ တယ်။

သူကြီးနုတ်ဟာ တန်ပိုယာဉ်တွေကို နားလည်မှုနဲ့ လွှတ်ပေးဖို့ ရဲမှူးဆီဝကွဏ်းကို ညှိနှိုင်း ခဲ့တယ်၊ ပြောင်းရွှေ့သွားတဲ့ရဲမှူးထက် နှစ်ဆပိုပေးမယ်လို့လည်း အဆိုပြုခဲ့ပေမဲ့ ဆီဝကွဏ်းဟာ  တာဝန်ကို ရိုးသားဖြောင့်မတ်စွာထမ်းဆောင်သူ၊ လာဘ်စားမှုကင်းစင်သူဆိုတဲ့ နာမည်ကောင်းရထားပြီး အဲဒီနယ်မြေက စတစ်ကာပြဿနာနှိမ်နင်းဖို့ အထက်က တာဝန် ပေးချက်အရ ရောက်လာတာကြောင့် သူကြီးက အဆိုပြုတဲ့ငွေကိုလည်း ငြင်းပယ်ခဲ့တယ်။

ဒါ့ပြင် သူကြီးနဲ့လည်း ခပ်ကင်းကင်းနေခဲ့ကာ အဲဒီညစာစားပွဲကိုလည်း တက်ရောက်ဖို့ ငြင်းခဲ့တယ်၊ ဒါပေမဲ့ သူ့အထက်အရာရှိ စခန်းမှူး/ရဲမှူးကြီး ဝဇီရာ ယောင်းထိုင်းဆုန်က သွားသင့်တယ်ဆိုလို့ လိုက်သွားခဲ့ကြောင်း၊ အလိုက်သင့်စကားထိုင်ပြောပြီး ပြန်ခါနီးမှာ အခုလို ပစ်သတ်ခံလိုက်ရတာ၊ သူအပစ်ခံရချိန် ကျန်တဲ့ရဲတွေက သူ့ကိုမကူဘဲ သူကြီးနဲ့ လူသတ်သမားကို ကူတာကတော့ ရဲနဲ့သူကြီးကြား မျှဝေမျှစားမှုတွေရှိခဲ့တယ်လို့ အမြန်လမ်းရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ ထိုင်းရဲ မှူးချုပ် ဟောင်း ရေးဝပ်ကလင်ကေးဆွန်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအမှုကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ ဟတ်ဖန်ကိုယ်တိုင် လာရောက် ကိုင်တွယ်ပြီး  လူသတ်မှုကျူးလွန်ရာမှာ အသုံးပြုတဲ့ သေနတ်ကို ခြုံပုတ်ထဲကလည်းကောင်း၊ စီစီကင်မရာထဲက ဆာဗာကို သူကြီးအိမ်နဲ့မနီးမဝေး ရေကန်ထဲကနေလည်းကောင်း ပြန်ရှာတွေ့ ခဲ့ ပါတယ်။  

သေဆုံးသူ ရဲမှူးဆီဝကွဏ်းရဲ့ အသုဘအခမ်းအနားကို မနေ့ကကျင်းပခဲ့ပြီး သူ့ကိုသင်္ဂြိုလ်မယ့် နေ့ခင်း ၁ နာရီခွဲအချိန်မှာ စခန်းမှူး/ရဲမှူးကြီး ဝဇီရာ ယောင်း ထိုင်းဆုန်မှာ သူရဲ့နေအိမ်မှာ မိမိကိုယ်ကို သေနတ်နဲ့ အဆုံးစီရင်သွားခဲ့ပါတယ်။

ရဲမှူးဆီဝကွဏ်းကို သင်္ဂြိုလ်မယ့်အချိန်နီးလာပေမယ့် စခန်းမှူးရောက်မလာသေးတာကြောင့် လက်အောက်ငယ်သားရဲတွေက အိမ်ထိလိုက်ခေါ်ရာမှာ အိမ်ထဲမှာသေနတ်ကိုင်လျက်သေဆုံးနေ တာကိုတွေ့ခဲ့တာပါ။

ရဲမှူးကြီးဝဇီရာအနေနဲ့ မိမိကိုယ်သေကြောင်းကြံရတာဟာ သူဟာဒီကွင်းဆက်ကြီးမှာ ပါဝင် နေတယ်ဆိုတာကို ဖုံးဖိလို့မရတော့အောင်ပေါ်လာမှာကို သိတာကြောင့် စိတ်ဖိစီးပြီး ခုလိုလုပ် လိုက်တာလို့  ထိုင်းလူ့အခွင့်အရေးရှေ့နေ ထနိုင်းတေချာဆိုသူက ပြောပေမဲ့ အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ကတော့ နှုတ်ပိတ်လုပ်ကြံခံရတာ ဟုတ်မဟုတ်ကိုလည်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၂ ရက် ညနေပိုင်း နောက်ဆက်တွဲသတင်းမှာတော့ ဆာဗာရဲတပ်ဖွဲ့က ရေထဲပစ်ချခံထားရတဲ့ စီစီကင်မရာထဲက အချက်အလက်တွေကို ပြန်လည်ထုတ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ရဲမှူးဆီဝကွဏ်းအား ပစ်သတ်သူမှာ သူကြီးနုတ်ခ်ကိုယ်တိုင်ဖြစ်ပြီး သူ့အပြစ်က နေလွှတ်ဖို့  တပည့်ဖြစ်သူ နောင်ထာ့ဖာကို ငွေပေးပြီးတရားခံဖြစ်စေခဲ့တယ်လို့ ဒုရဲချုပ် ဆူရချေ့ ဟတ်ဖန်းက ပြောပါတယ်။

ထိုင်းနိုင်ငံအုပ်ချုပ်ရေးဌာနနဲ့ ရဲတပ်ဖွဲ့ကြီးတစ်ခုလုံးရဲ့ ပုံရိပ်ကို ဆိုးရွားစွာထိခိုက်စေခဲ့တဲ့ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူအားလုံးကို ထိရောက်စွာ အရေးယူ အပြစ်ပေးသွားမယ်လို့ ရဲချုပ်က သတင်းထောက်တွေကို ပြောသွားပါတယ်။

Source: The Bangkok Insight/ PPTV/ThaiPBS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024