Home
မြန်မာသတင်း
ယာဉ်လိုင်စင်ကြေး  ၃ ဆ တိုးကောက်မည် 
DVB
·
September 12, 2023
Transportation-Department_06092023

ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာ လိုင်စင်ကြေးကို သုံးဆအထိ တိုးမြှင့်ကောက်ခံဖို့ စစ်ကောင်စီ လက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက စီစဉ်နေတယ်လို့ ကားရောင်းဝယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းက ပြောပါတယ်။

လိုင်စင်ကြေးတိုးမြှင့်မှာကို ကားတခုတည်းအတွက်မဟုတ်ဘဲ ဆိုင်ကယ်၊ သုံးဘီး၊ လျှပ်စစ်ဆိုင်ကယ်တွေပါ ပါဝင်ပြီး လက်ရှိလိုင်စင်ကြေးနှုန်းထားရဲ့ သုံးဆအထိ ကောက်ခံဖို့ စက်တင်ဘာ ၈ ရက် နေ့စွဲပါ ကညနရဲ့ အကြောင်းကြားစာမှာ တွေ့ရပါတယ်။

တိုးကောက်ခံရတဲ့ အကြောင်းတွေထဲမှာ ပြည်သူတွေရဲ့ အခြေခံလစာနှုန်းက အရင်ကထက် တိုးမြှင့်လာတာ၊ ယာဉ်စီးရေ တိုးမြင့်လာပြီး ယာဉ်တန်ဖိုးတွေ မြင့်တက်လာတာ စတာတွေ ပါဝင်တာကြောင့် အခြေခံလစာနှုန်း တိုးလာလို့ ယာဉ်လိုင်စင်ခ သုံးဆအထိ တက်လာမှာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

ရန်ကုန်မြို့မှ ကားပိုင်ရှင်တဦးက “ကညနက ပြန့်လာတဲ့ စာမှာ သုံးဆအထိ တိုးမယ်ဆိုတာ တွေ့ရပါတယ်။ ကိုဗစ်မဖြစ်ခင်လောက်ကလည်း တကြိမ် တိုးသွားတာရှိတယ်။ ပြည်သူတွေ လစာတိုးလာလို့ ကားလိုင်စင်ကြေးတွေပါ တိုးကောက်ရပါတယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး။ သူတို့စာအရဆို ကားအစီးရေတက်တယ်၊ ကားဈေးနှုန်းတွေ တက်လာတာကြောင့်ပါလို့ ပြောတယ်။ ကားဈေးနှုန်းတက်တာကလည်း ဒေါ်လာဈေးတက်လို့လေ။ ကားတန်ဖိုးက တက်လာလို့ မဟုတ်ဘူး။ သူတို့ သွင်းကုန်ပေါ်လစီကြောင့် ဖြစ်တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ စစ်အစိုးရက ငွေလိုလို့ ဈေးတက်တဲ့သဘောပါပဲ” လို့ ပြောပါတယ်။

ယာဉ်မှတ်ပုံတင်ခြင်းလိုင်စင်ခ တိုးမြှင့်လာတာအပြင် ယာဉ်မောင်းလိုင်စင်ကြေးပါ တိုးလာနိုင်ပေမဲ့ လိုင်စင်ခပေါ်မူတည်ပြီး ကားဈေးနှုန်း ထပ်တိုးလာဖို့ မရှိဘူးလို့ ရန်ကုန်မြို့ ကားဝယ်ရောင်းလုပ်ငန်းရှင်တဦးက သုံးသပ် ပြောပါတယ်။

“မြေပြင်မှာတော့ အခက်အခဲက ကြုံတွေ့ရဖို့ ရှိတယ်။ ကညနမူဝါဒအရ ပြောင်းပြီဆိုရင် အကုန်ပါတယ်၊ ယာဉ်လိုင်စင်ခရော၊ ယာဉ်မောင်းလိုင်စင် အပါအဝင်ပါ။ ၂၀၁၈ တုန်းကဆို လိုင်စင်ကြေးကို ၃ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ပြောင်းဖို့ကိစ္စကို ကြုံခဲ့ရဘူးတယ်။ ပြည်သူ့ဘက်ကိုကြည့်ပြီး နောက်ပိုင်းမှာ နဂိုအတိုင်း ၃ ရာခိုင်နှုန်းပဲ ထားပေးခဲ့တာ။ ၃ ဆဆောင်ခိုင်းတာက ကားတန်ဖိုးပေါ်မှာတော့ မဟုတ်ဘူး။ ဘီးခွန်၊ လိုင်စင်သက်တမ်းတိုးခ၊ ပရီမီယံတို့ပေါ်မှာပါ။ ဘီးခွန်ဆိုရင် ကားအသေးတွေဆိုရင် တနှစ်ကို အရင်ဈေးနဲ့ဆို ၆ သောင်းခွဲ၊ ၇ သောင်း ဆောင်ရတာရှိတယ်။ သုံးဆအထိ ဖြစ်လာရင် တနှစ်စာကို ၂ သိန်းကျော်သွားဖို့ ရှိပါတယ်။ ၆၆၀ စီစီဆိုရင် တနှစ်စာကို အရင်ဈေး ၄ သောင်းခွဲဆို သုံးဆအထိဆိုရင် ၁ သိန်းခွဲအထိ ဖြစ်သွားမှာ။ ကားဈေးနှုန်းပေါ်မှာတော့ သက်ရောက်မှုရှိမယ် မထင်ဘူး။”

လက်ရှိ ကောက်ခံနေတဲ့ သက်တမ်း ၁ နှစ်ရှိ မှတ်ပုံတင်ကြေးကို အုပ်စု ၁၊ အုပ်စု ၂၊ အုပ်စု ၃ ပေါ် မူတည်ပြီး ကိုယ်ပိုင်ယာဉ်ငယ်တစီးမှာ ကျပ် ၁၅,၀၀၀၊ ကျပ် ၁၀,၀၀၀၊ ကျပ် ၅,၀၀၀ နဲ့ ယာဉ်စစ်ဆေးခ ကျပ် ၅,၀၀၀ ဖြစ်ပြီး ၃ ဆ တိုးမြှင့်ကောက်ခံမယ့်အချိန်မှာ ကိုယ်ပိုင်ယာဉ်ငယ်တစီးကို ကျပ် ၅၀,၀၀၀၊ ကျပ် ၃၀,၀၀၀၊ ကျပ် ၂၀,၀၀၀ နဲ့ ယာဉ်စစ်ဆေးခ ကျပ် ၁၅,၀၀၀ အထိ ဖြစ်ပါတယ်။

အငှားယာဉ်ငယ်တစီးမှာ ကျပ် ၃၀,၀၀၀၊ ကျပ် ၂၀,၀၀၀၊ ကျပ် ၁၀,၀၀၀ နဲ့ ယာဉ်စစ်ဆေးခ ကျပ် ၅,၀၀၀ ဖြစ်ပြီး ၃ ဆတိုးမြှင့်ကောက်ခံမယ့်အချိန်မှာ အငှားယာဉ်ငယ်တစီးကို ကျပ် ၁၀၀,၀၀၀၊ ကျပ် ၉၀,၀၀၀၊ ကျပ် ၈၀,၀၀၀ နဲ့ ယာဉ်စစ်ဆေးခ ကျပ် ၁၅,၀၀၀ အထိ ဖြစ်သွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ နေပြည်တော် ကညနရုံးချုပ်က ပေးပို့တဲ့ အကြောင်းကြားစာကို လက်အောက်ခံ ကညနရုံးတွေက သဘောထားမှတ်ချက်၊ သုံးသပ်ချက်နဲ့ ပြင်ဆင်ဖို့ ကျန်နေတဲ့ အခငွေတွေကို ထပ်ဖြည့်ခိုင်းထားပြီး စက်တင်ဘာ ၁၃ ရက်နေ့ အပြီးပို့ဖို့ ညွှန်ကြားထားတာကို တွေ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024