ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အမှတ် ၃၅ ခြေလျင်တပ်ရင်းနားမှာ စက်တင်ဘာ ၁၁ ရက် ညနေ ၆ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးတယောက် ပစ်သတ်ခံရပြီးနောက် ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်က ကင်းပုန်ဝပ်ကာ ပစ်ခတ်လို့ အရပ်သား သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သုံးဆယ်မြို့ အမှတ် ၃၅ ခြေလျင်တပ်ရင်းပတ်လမ်းမှာ မနေ့ညနေ ၆ နာရီမှာ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်က သူ့ရဲ့သမီးဖြစ်တဲ့ Non CDM ဆရာဝန်ကို သွားကြိုပြီး ပြန်လာစဥ် ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားပါတယ်။ ဒီနေ့မနက်မှာတော့ စစ်တပ်က ပစ်ခတ်လို့ အရပ်သား ၃ ယောက်သေဆုံးသွားတာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အုပ်ချုပ်ရေးမှူးရဲ့ သမီးက ခလရ ၃၅ တပ်နားက သာယာအေးကျေးရွာမှာ ဆေးခန်းဖွင့်ထားတာ။ ဆိုင်ကယ်နဲ့ လာကြိုတဲ့အချိန် ခလရ ၃၅ ပတ်လမ်းနားမှာ ပစ်သွားတာ။ စစ်တပ်က မနေ့ညကတည်းက အကုန်စစ်တာ။ ဒီနေ့မနက်တပ်က ပစ်လို့ ဒေသခံ သုံးဦး သေသွားတယ်။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ သာယာအေးကျေးရွာနဲ့ ဖားရွှေကျော်ကျေးရွာမှာ အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးပြီး ဒီနေ့မနက်ပိုင်း အရပ်သား သုံးဦး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးကလည်း ဒီဗွီဘီကို ပြောပါတယ်။
“သေနတ်သံတွေ ကြားရပြီး လူနာတင်ယာဥ်တွေ ရောက်လာတယ်။ ကောင်လေးတွေက အဖမ်းခံရမှာစိုးလို့ ထွက်ပြေးတာဖြစ်မယ်။ တပ်က လိုက်ပစ်တာ သုံးယောက်လုံး သေသွားတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်တဲ့အဖွဲ့လို့ စာတင်လိုက်တယ်။”
သေဆုံးသွားတဲ့ အရပ်သား ၃ ယောက်ဟာ ဘယ်သူ ဘယ်ဝါတွေလဲဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။
မနေ့က သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်ကတော့ စစ်ကောင်စီက ခန့်အပ်ထားတာ လေးလလောက်ပဲ ရှိသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်ကလည်း စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။