လေးလွန်း ပေတိုင်
မတွန်းနိုင်လည်း
ပြိုင်တူတွန်းက ရရမည်။ ။
လူညီရင် ဤ ကို ကျွဲ ဖတ်လို့ရသတဲ့။
“ဤ” ကို “ကျွဲ” လို့တော့ ဖတ်ဖို့ သိပ် စိတ်မပါလှပါဘူး။
ဒါပေမဲ့ စုပေါင်းညီညာလျှင်တော့ အောင်ကြောင်းဖြာချင်လှပါဘိ။ တို့ “စိုက်ပျိုးသည့်အတိုင်း ရိတ်သိမ်းရမည်” တော့ မြေကြီးလက်ခတ်မလွဲပါပဲ။ အောင်ကြောင်းက လက်တကမ်းမှာမို့ ညီညီညာညာသာ စုပေါင်းကြပါတော့။
မတူတာတွေ စုပေါင်းလုပ်နေကြသလိုပါပဲ။ မတရားမှုတွေကို ရွံမုန်းကြတာချင်းလည်း တူကြပါတယ်။
အောင်မြင်ပြီးနောက် ပြိုကွဲမှာလည်း မကြောက်ပါဘူး။ မတရားမှုကို ရွံမုန်းကြသူအချင်းချင်း ထိန်းညှိသွားကြတာပေါ့။ မတရားသူတွေအတွက်ကတော့ နေရာမရှိပါဘူး။
တပြိုင်တည်းသာ စုတွန်းကြပါတော့။ ဟော ဟို ရှေ့မှာ “သားရွှေအိုးထမ်းလာတာ” မြင်ရခါနီးနေပါပြီ။
ရောင်နီနဲ့အတူ “သားရွှေအိုးထမ်းလာတာ” မြင်ရတော့မှာပါ။
နားထင်က ချွေးစက်တွေရဲ့ ငန်ငြိငြိအရသာက ခံစားရခက်နေတာ မြင်သိမိပါတယ်။
ကြိတ်ထားတဲ့အံတွေ တုံးလာနေတာ နားလည်ခံစားမိပါတယ်။ တောင့်ထားတဲ့ ပခုံးတို့ကို အားပြုရင်း ခြေခွေယိုင်ကျမသွားဖို့ ထိန်းနေရမှန်းလည်း ထပ်တူနားလည်မိပါတယ်။ ချောတိုင်အဖွဲ့ရဲ့ အောက်ဆုံးနားက ရဲဘော်ရေ အမေမျှော်နေတာမို့ ခဏလောက်တော့ ဆက်တင်းထားပေးပါ။
ပန်းတိုင်ကို လှမ်းကိုင်ရင်း အမေ့ဆီ လှမ်းပေးကြရအောင်။ ကလေးတွေရေ မင်းတို့အတွက် ဒီမိုကရေစီလက်ဆောင်က ဈေးသိပ်ကြီးလွန်းတယ်ကွယ်။ မင်းတို့အဘွားလက်ဆင့်ကမ်းလှမ်းပေးမဲ့ ဒီမိုကရေစီ အသီးအပွင့်တွေကို မြိန်ရှက်စွာ စားသုံးနေကြမယ့် အနာဂတ် မင်းတို့ရဲ့ မျက်နှာလေးတွေကို စိတ်ကူးပုံဖော်တွေးရင်း အရသာ တယ်ရှိပ။ ပီတိအပြုံးတွေပေး၊ အမောတွေ ဘယ်ရောက် ဟော ပန်းတိုင် ရောက်တော့မည်လေ။
“ကြွေးထူမပူ သန်းထူမယား” ဆိုသလို “သန်းခေါင်အပြင်လည်း ညဉ့်မနက်” တော့ပါဘူး။ တို့ သွေးကွဲမှာလည်း ပူမနေပါနဲ့တော့လေ။ ဒီထက်လည်း ခွဲလို့ မရတော့ပါဘူး။ တို့ ဆင်းရဲမှာ မပူပါနဲ့။ ဒီထက်လည်း မဆင်းရဲနိုင်တော့ပါဘူး။ တို့ ကပ်ဆိုက်မှာလည်း မကြောက်တော့ပါဘူး။ ကပ်ကြီးသုံးပါး တပြိုင်တည်း ဆိုက်ဖူးပါပြီ။ ရန်သူမျိုးငါးပါးလည်း မကြောက်တော့ပါဘူး။ ငါးပါးလုံးပေါင်းထားတဲ့ 5 in one ကို ကြုံဖူးပါပြီ။ ငရဲလည်း မကြောက်တော့ပါဘူး။ ငရဲထက် ဆိုးတာ ကြုံဖူးပါပြီ။ ဘီလူးလည်း မကြောက်တော့ပါဘူး။ ဘီလူးထက်ဆိုးတာ ကြုံဖူးပါပြီ။ နယ်ချဲ့ကိုလိုနီ ဖက်ဆစ်လည်း မကြောက်တော့ပါဘူး။ ဒီထက်ဆိုးတာ ကြုံဖူးပါပြီ။ သူ့ကျွန်လည်း မကြောက်တော့ပါဘူး။ ကိုယ့်ကျွန်က ပိုရင်နာစရာကောင်းလှပါတယ်။
ပိုဆိုးတယ်လည်း မထင်စေချင်ဘူး။ အခါခါသေဖူးလို့ ပျဉ်ဖိုးနားလည်ပါပြီ။ ရှင်ကြီးဝမ်းကရော ရှင်ငယ်ဝမ်းကရော ထွက်လာခဲ့ပြီမို့ မြန်မာဆိုတာ အတော် ဒူပေနာပေခံတဲ့လူမျိုး ဖြစ်တယ်ဆိုပြီး ကြံဖန် ဂုဏ်ယူကြရအောင်ပါ။ တခုတော့ တောင်းဆိုပါရစေ။ “အဘ” ဆိုတဲ့ စကားလုံးကို အဘိဓာန်ကနေ အပြီးအပိုင်သာ ထုတ်ပေးကြပါလေ။
ဒီလိုညတွေ အမြန်ကုန်ပါရစေ။
ဒီလိုနေ့တွေ အမြန်ကုန်ပါရစေ။
လေးလွန်း၍ မတွန်းနိုင်ခဲ့လျှင်တောင် ပြိုင်တူတွန်းကြပါစို့။ လက်ရှိအခြေအနေဟာ တဖွဲ့နှင့် တဖွဲ့ ရင်ဆိုင်ကြုံတွေ့ အနိုင်ယူနေကြရသည်မဟုတ်။ အဖွဲ့ပေါင်းစုံ အဘက်ဘက်မှ ကောင်းသူနှင့် မကောင်းသူ လွန်ဆွဲနေခြင်းမျှသာ ဖြစ်သည်။ မကောင်းသူပယ်၊ ကောင်းသူကယ်ကြရမည်။ သိသူတွေ ဖော်စားကြပေမဲ့ မသိသူများက ချည်တိုင်ပျောက်မည် စိုးရွံ့နေကြဆဲပင်။ တတွင်းလုံးကုန်တောင် မစင်မှန်း မသိသေးဆိုသလိုပင်။ တည့်တည့်ပြောတာကိုတောင် မရိပ်မိသေးဘူး ဆိုသကဲ့သို့ ဆင်သေကောင်ပေါ် အပိုင်ထင်နေကြတုန်းပင်။ သနားသောက်မြင်ကတ် ဆိုသကဲ့သို့ သနားလည်း သနားမိသလို မသနားလည်း မသနားတော့ပါ။ သူ့ထိုက်နှင့် သူ့ကံ။ သဗ္ဗေသတ္တာ ကမ္မသကာပင်။
ဤနေရာတွင် သန္ဓေမမှန်သော အကြောင်းတရားများကိုလည်း မေ့ထား၍ မသင့်တော်ပေ။ မည်သည့်ဘက်က ရပ်တည်သည် ဆိုစေကာမူ သန္ဓေမမှန်သောအခါ ကြောင်ကြာကြာ ရေမငုပ်နိုင်ပါပေ။ ပုပ်လျှင်ပေါ်သလို ဟုတ်လျှင်လည်း ကျော်နိုင်ပါသည်။ ပန်းသတင်း လေညင်းဆောင်သလို လူသတင်းသည်လည်း လူအများအကြား ဖုံးဖိ၍ ရရိုးထုံးစံမရှိပေ။ သစ္စာဖောက်တို့မည်သည် ရန်သူထက် ဆိုးလှသည်။ ယုံကြည်မှုသည် အလွဲသုံးရန် မသင့်တော်ပေ။ သူ့အလုပ်သူလုပ် သူ့သမိုင်း သူရေးခြင်းပင်။ လုပ်ရက်လေခြင်းဟု စိတ်ပျက်အားလျော့မနေဘဲ ကိုယ့်အလုပ်သာ ကိုယ် တစိုက်မတ်မတ် လုပ်ဆောင်သင့်ပါတယ်။
ပြည်သူ့မျက်ရည် မြေမခ စကောင်း၊ ပြည်သူ့ချွေနှဲစာ ညာ၍ မစားကောင်းပါပေ။ အဆိပ်ဖြစ်မှန်းမသိ ဖြစ်နေတာ မသိဘဲနေစရာ အကြောင်းမရှိပေ။ “ဝဋ်မှာအမြဲ ငရဲမှအပ” ဆိုသကဲ့သို့ ငရဲကို ပြုဖူးသည့်ကုသိုလ်က ကယ်တင်နိုင်သော်လည်း ဝဋ်သည် ကျေရိုးမရှိပါ။ ဘုရားသော်မှ ဝဋ်ရှိသောခါ ဝမ်းတော်လားခဲ့ရပေသည်။ ကြောက်စရာကောင်းလေစွ။
သိသူတွေ ဖော်စားကြပုံက ရန်သူလား မိတ်ဆွေလားပင် မသိ။ ပြိုင်ကာနေရင်း ပန်းတိုင်ဆီလျှောက် ထောက်လှမ်းပေးကြပုံကြောင့် မြောက်ခြမ်းတွေ ဘေးတွေ့နေကြတာ မနည်းမနောပင်။ ကိုယ့်တပ် ကိုယ်မယုံနိုင်အောင် စုံမြိုင်တဲ့ သတင်းတွေပေး။ ပစ်မှတ်ကိုကြည့် အပိုအလိုမရှိ ကွက်တိဆိုသလိုပါပင်။ ရန်သူခမျာ ဘယ်သူ့ယုံရမယ်မသိ။ မျက်စိတော့ လည်စရာပင်။ ကုန်ကုန်ပြောလျှင် “ငါ” ဆိုသော သွေးသောက်ပင် အဲဒီလောက် မသောက်နိုင်။ လက်ဖျားတရာပင် အခါခါ အကြိမ်ကြိမ် ခါရလောက်ပါပေတယ်။
လမ်းဆုံးရင်တော့ ရွာတွေ့ရစမြဲပင်။ ကြာရှည်တာ ခက်ခဲတာတွေက အဖော်ကဲ့သို့ တွဲလျက် အမြဲကပ်ပါလာနေဆဲပင်။ ရွှေမှန်ရင် ငရဲမီးကြောက်နေ၍ မဖြစ်ပါပေ။ လွမ်းလွမ်းတော့ နာစရာနှင့် ဖြေရင်း၊ နာနာလာခဲ့အခါ ပိုပိုလွမ်းလာရတာ ကြုံကြရမှာပါ။ ကိုယ့်သမိုင်း ကိုယ်ရေး ဆိုသကဲ့သို့ တို့တတွေ သမိုင်းအတူတူရေးကြရအောင်ပါ။ ကိုယ့်သမိုင်း ကိုယ်မရိုင်းအောင် ထိန်းရင်း ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်တဲ့အထိပေါ့လေ။
ပြီးခဲ့တာတွေ ပြီးပါစေတော့၊ ခုကစ မရှက်ရတဲ့ဘက် ရပ်ပေးပါ။ ၂၁ ရာစု မမြဝင်းအပေါင်းတို့ရေ လှေနံ နှစ်ဖက်နင်းခဲ့ရင်တောင် တို့ဘက်သာ ပိုပိုသာသာလေး နင်းပေးလိုက်စမ်းပါ။ တိုင်းပြည်ကို ကယ်တင်ချင်တယ်ဆိုရင် ခုပဲ ထိုင်ရာကထ ဆိုင်ရာက ကလိုက်ကြစမ်းပါ။ ထီးနေရာ ထီး၊ ဖိနပ်နေရာ ဖိနပ် ဆိုသလို ကျရာနေရာကသာ ထောင့်စေ့ကြပါစေ။
သံစုံတီးဝိုင်းကြီးက မြိုင်ဆိုင်လှသလို လူစုံရင် ငြာသံပေးလို့ ဟေးခနဲ အော်ချိန်ကို ကြိုသိနိုင်ရလေအောင် မျက်စိကိုဖွင့် နားကိုစွင့်လို့ အသက်ကိုအောင့် လက်သီးထောက်ကာ စုပေါင်းညီညာ အောင်ကြောင်းဖြာ လိုက်ကြရအောင်ပါ။ မိတ်ဆွေတို့ရေ။ နောက်ကျလို့ အပေါက်ဝက ထောက်ကြွထောက်ကြွလေး ပြန်လှည့်ကာ မသွားရလေအောင် လုံ့လစိုက်ကာ ဖောင်ဖျက် တိုက်ပွဲဝင်ကြပါစို့။
ပြည်တော်ဝင် ရွှေစည်တီးချိန်
တူစုံကြင်ဆွေတွေ နီးကြအောင်
နိုင်ရာ မ လို့ ဆိုင်ရာ ကလိုက်ကြပါစို့။ ။
သန့်ကေသာ (CDM ပညာရေးဝန်ထမ်း)