ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံ၊ အမေရိကန်နဲ့ ကုလ လုံခြုံရေးကောင်စီတို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ၂၀၂၃ ခုနှစ်အတွက် အားတက်ဖွယ်ရာတွေအဖြစ် ကောင်းကောင်းလှုပ်ခတ်ခဲ့ပါတယ်။
ပထမအလှုပ်အခတ်က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့၊ အာဆီယံ ထိပ်သီးအစည်းအဝေးရဲ့ ကြေညာချက်။ အဲဒီထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ၁၅ ချက်ဆိုပြီး ထွက်ပေါ်လာပါတယ်။
အဲဒီဆုံးဖြတ်ချက်တွေထဲမှာ မျက်စိကျခဲ့ကြတာက အာဆီယံမူ ၅ ရပ်ကို အချိန်အကန့်အသတ် ပြဋ္ဌာန်း ဖော်ဆောင်မယ်။ အချိန်ကန့်သတ်မှုဆိုင်ရာ အသေးစိတ်ကိစ္စတွေကို လာမယ့်နှစ်ကျရင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ရေးဆွဲအတည်ပြုကြမယ်လို့ ဆိုထားခြင်းပါပဲ။ ဒါ့အပြင် မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။
အာဆီယံက အဲဒီလို လှုပ်ခတ်ပြီးနောက် အားပါတဲ့ နောက်တဆင့်လှိုင်းလုံးက ဒီဇင်ဘာ ၂၁ ရက်နေ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်-၂၆၆၉ ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးဖို့၊ အာဆီယံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ စာနာမှုအကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ စတဲ့အချက်တွေ ပါဝင်ပြီး ၇၄ နှစ်အတွင်း မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီရဲ့ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက် ဖြစ်တာကြောင့် လှုပ်ခတ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
တဆက်တည်းမှာပဲ ဒီဇင်ဘာ ၂၃ ရက်မှာ အမေရိကန်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် ပြဋ္ဌာန်းတဲ့ ဥပဒေကြမ်း (National Defense Authorization Act -NDAA) ကို သမ္မတဘိုင်ဒင်က လက်မှတ်ရေးထိုးလိုက်ပါတယ်။ NDAA ထဲမှာ Burma Act လို့ခေါ်တဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေကို ထောက်ပံ့ကူညီဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုကို ပိုပြီးထိရောက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ရေး အစီအမံတွေ ပါဝင်တာကြောင့် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ လက်သီးလက်မောင်း တန်းခဲ့ကြပါတယ်။
ပြီးတော့ ၂၀၂၃ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အရေးမှာ တက်ကြွတဲ့ ဒေသတွင်း ဒီမိုကရေစီနိုင်ငံကြီးတနိုင်ငံ ဖြစ်တာကြောင့် ၂၀၂၃ ခုနှစ်မှာ အလှုပ်အခတ်တွေ ပိုများလာလိမ့်မယ်လို့လည်း နိုင်ငံရေးအကဲခတ်တွေက ဟောကိန်းထုတ်ခဲ့ပါတယ်။
ဆိုတော့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူပြီးချိန်ကစလို့ အာဆီယံမူ ၅ ရပ်ကို အချိန်အကန့်အသတ် ပြဋ္ဌာန်းဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဘယ်တော့ရေးဆွဲမလဲဆိုပြီး စောင့်မျှော်ခဲ့ကြပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၇ ရက်နေ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက လာအိုဝန်ကြီးချုပ် ဆွန်နီဆေ ဆီဇန်ဒုန်ကို အာဆီယံတူ လွှဲပြောင်းပေးလိုက်ပြီးတာတောင် အသံတသံပင် မထွက် လုံးဝ ပျောက်ဆုံးခဲ့ပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အာဆီယံမူ ၅ ရပ်ကို အချိန်ကန့်သတ် ဖော်ဆောင်ရေး ဒေါင်းတင်မောင်းတင် ဆွေးနွေးခဲ့ကြမှာ သေချာပြီး မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့ လက်ချင်းချိတ်ချင်တဲ့ အာဆီယံနိုင်ငံတချို့ရဲ့ ပြတ်သားတဲ့ တင်းခံမှုတွေအရ အာဆီယံစားပွဲဝိုင်းမှာတင် ပျောက်ဆုံးသွားခဲ့ပုံပါပဲ။ ပြောရရင် အာဆီယံ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံခေါင်းဆောင်တွေကပဲ ပြန်လည် ပယ်ဖျက်လိုက်ခြင်းပါပဲ။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ ဖြစ်ချိန်ကစလို့ မြန်မာ့အရေးကို ဦးစားပေးအဆင့်-၁ အဖြစ် သိမှတ် အားစိုက်ခဲ့တာ သေချာပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ၉ လအတွင်း ဘက်ပေါင်းစုံက အဖွဲ့အစည်းစုံ ၇၀ နဲ့ ၁၄၅ ကြိမ်ကျော် တွေ့ဆုံခဲ့တယ်လို့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
အဲဒီလို အားထည့်ဆောင်ရွက်မှုတွေကြောင့်ပဲလား၊ သံတမန်တို့ထုံးစံနဲ့အညီ အချိုဆုံး ပြုံးပြလိုက်တာပဲလား။ အခု စက်တင်ဘာ ၈ ရက်နေ့၊ ၄၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားရဲ့ ကြိုးပမ်းမှုကို ချီးကျူးထားတာ တွေ့ရပါတယ်။
ဘာအတွက် ချီးကျူးထားပါသလဲ။ မြန်မာ့အရေး အင်ဒိုနီးရှားရဲ့ အသံတိတ် ဒီပလိုမေစီဟာ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေကို အိပ်ဆေးတလုံး ပိုသောက်ရတဲ့အထိတောင် ဖိအားမရှိခဲ့ပါဘူး။ အင်ဒိုနီးရှားဟာ အသံတိတ်ဒီပလိုမေစီလို့ဆိုကာ NUG အစိုးရ အပါအဝင် ဒီမိုကရေစီ အင်အားစုတွေနဲ့ တရားဝင် ထိတွေ့ဆက်ဆံမှုမရှိ၊ စစ်အုပ်စု အမျက်မရှအောင် ရှောင်ခဲ့ပေမဲ့ စစ်အုပ်စုဆီကနေ ပျော့ပျောင်းမှု တခုတလေတောင် ပြန်မရခဲ့ပါဘူး။ ဒါ့အပြင် ဘုံသဘောတူညီချက် ၅ ရပ်ကို မဖော်ဆောင်ရင် ဖိအားပေးမယ်ဆိုတဲ့ လမ်းကြောင်းပေါ် ရောက်အောင်လည်း အာဆီယံအသင်းကြီးကို ဆွဲမတင်နိုင်ခဲ့ပါဘူး။ အဆိုးရွားဆုံး အချက်ကတော့ ဘယ်လိုမှ အလုပ်မဖြစ်တာ သေချာနေပြီဖြစ်တဲ့ အာဆီယံမူ ၅ ရပ်ကိုသာ ဆက်လက် ကိုင်စွဲသွားမယ်လို့ အရှက်အကြောက်ကင်းကင်းနဲ့ အာဆီယံခေါင်းဆောင်တွေက ထပ်မံအတည်ပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ပြောရရင် အာဆီယံဟာ မူ ၅ ရပ်ကို အကြမ်းဖက် စစ်အုပ်စုက အဖက်မလုပ်မှန်းသိလျက်နဲ့ မြန်မာပြည်သူတွေရဲ့အသက်ကို တချက်မငဲ့တာပါပဲ။ ဒါကို နောက်တမျိုး ထပ်ပြောရရင် အာဆီယံဟာ သူ့ဂုဏ်သိက္ခာ မကျဆင်းစေရေးအတွက် အလုပ်မဖြစ်တဲ့ မူ ၅ ရပ်ကို အလုပ်မဖြစ်မှန်းသိလျက် ဇွတ်မှိတ် ဆက်ကိုင်စွဲခြင်းဖြစ်ပြီး အာဆီယံမူ ၅ ရပ်ဟာ မြန်မာပြည်သူတွေအတွက်မဟုတ်ဘဲ အာဆီယံအတွက်သာ ဖြစ်နေပါတော့တယ်။
ဒါပေမဲ့ အာဆီယံဟာ အခုထက်ပိုပြီး အရှက်တကွဲဖြစ်မယ့် အရေးကိုတော့ ရှောင်ရှားချင်တာလည်း သေချာပါတယ်။ အဲဒါကြောင့် မြန်မာစစ်ခေါင်းဆောင်တွေ အာဆီယံထိပ်သီးနဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခြင်းကို ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားပါတယ်။ ဒါ့အပြင် မြန်မာ့အရေး တဖြောင့်တည်း ချဉ်းကပ်ရေးမူ ဖြစ်အောင် သုံးပွင့်ဆိုင်ကိုင်တွယ်မယ့် အစီအမံကိုလည်း ချမှတ်ခဲ့ပါတယ်။
အဲဒါဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ပြောင်းတိုင်း အလှည့်ကျဥက္ကဋ္ဌနိုင်ငံရဲ့ သဘောထားအပေါ် အခြေခံကာ မြန်မာ့အရေးချဉ်းကပ်မှု ပြောင်းလဲတဲ့အပေါ် အတိအလင်း ကာကွယ်လိုက်ခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ် တနှစ်တည်းအတွင်း ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။
တိတိပပ ပြောရမယ်ဆိုရင် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက တရုတ်ရဲ့ ရပ်ခံမှုနဲ့အတူ ကမ္ဘောဒီးယားနိုင်ငံလို မြန်မာစစ်ခေါင်းဆောင်တွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံလာနိုင်ခြေအပေါ် ကြိုတင်ဖယ်ရှားလိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
အရင် အာဆီယံဥက္ကဋ္ဌ၊ လက်ရှိဥက္ကဋ္ဌနဲ့ လာမယ့်နှစ်ဥက္ကဋ္ဌတို့က မြန်မာ့အရေးကို သုံးပွင့်ဆိုင် ကိုင်တွယ်ခြင်းအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုမှန်သမျှ အလှည့်ကျဥက္ကဋ္ဌနဲ့ ညှိနှိုင်းဖို့နဲ့ မူ ၅ ရပ်နဲ့ ကိုက်ညီမှုရှိရမယ်လို့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းရဲ့ ငါတကောဒီပလိုမေစီအပေါ် ကောင်းကောင်း သင်ခန်းစာယူနိုင်ခဲ့ခြင်းလို့ ဆိုနိုင်ပါတယ်။
၂၀၂၃ ခုနှစ် ဒီနေ့အထိ အာဆီယံရဲ့ မြန်မာ့အရေး ထည့်ဝင်မှုကို ချုပ်ပြောရရင် အာဆီယံမူ ၅ ရပ်ကို မဖော်ဆောင်တဲ့ စစ်ခေါင်းဆောင်တွေအပေါ် လေသံခပ်ပြင်းပြင်းနဲ့ ကြေညာချက် ထုတ်လာတာနဲ့ အာဆီယံရဲ့ ရပ်ခံမှု နောက်မဆုတ်သွားတာကလွဲလို့ ဘာမှထူးမလာပါဘူး။
ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာကလည်း နောက်ဆက်တွဲ အရေးယူမှု အစီအစဉ် မရှိတဲ့အတွက် စစ်ဗိုလ်ချုပ်တွေရဲ့ လက်နှီးစုတ်အဆင့်ထက် မပိုပါဘူး။ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုတချို့ကြောင့်သာ စစ်အုပ်စု မျက်ဖြူလန်လာတာ တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အာဆီယံကတော့ ဒါ့ထက်ပိုပြီး စွမ်းစရာအကြောင်း မရှိတော့တာ အသေအချာပါပဲ။ အာဆီယံမူ ၅ ရပ်ဆိုတာ မြောနေတဲ့လူနာကို မသေအောင် အသက်ကယ်ဆေး ထိုးပေးထားသလိုပါပဲ။