ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၁၁ ရက်မနက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာမခံကျေးရွာကနေ ဟောင်ပါးကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA- PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက "မနက် အစောကြီး ၅ နာရီလောက် တာမခံမှာရှိတဲ့တပ်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်ပြီး အင်အား ၅၀ လောက်က ဟောင်ပါးရွာကို စစ်ကြောင်းထိုးလာတယ်။ အဲ့ဒီ စစ်ကြောင်းနဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်လိုက်သေးတယ်။ စစ်တပ်ဘက်က အခြေအနေ မကောင်းဘူးထင်တယ်။ အဲ့ဒါ ရှေ့ဆက်မတက်ဘဲ ပြန်ဆုတ်ပြီး လမ်းမှာတွေ့တဲ့ ပြည်သူ ၁၀ ဦးလောက်ကို ဖမ်းသွားတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တာမခံကျေးရွာဘက်ကနေ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တဲ့အတွက် ဟောင်ပါးကျေးရွာ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ဟောင်ပါးကျေးရွာက ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်ကလည်း ဆိုင်းတောင်ကျေးရွာ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ KIO အုပ်ချုပ်ရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တဲ့အတွက် ၃ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရပြီး အယောက် ၃၀ ထက်မနည်း ဖမ်းဆီးသွားခဲ့ပါသေးတယ်။
ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၁၁ ရက်မနက်ပိုင်းက ဓားနဲ့ အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတယောက်ရဲ့ အလောင်း တွေ့ရှိခဲ့ပါတယ်။
ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်ကျေးရွာမှာ လည်ပင်း၊ လက်၊ ဝမ်းဗိုက်တို့ကို အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံထားရတဲ့ အသက် ၅၀ အရွယ် အမျိုးသားအလောင်းကို တွေ့ရှိခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“မနက်အစော ၆ နာရီလောက်မှာ လမ်းသွားလမ်းလာတွေက ခြုံထဲမှာ အလောင်းတွေ့တာ။ အပိုင်းပိုင်းခုတ်ထစ်ထားတယ်။ လက်ကောက်ဝတ် နှစ်ဖက်ဆိုလည်း ပြတ်နေတယ်။ နောက်ပြီး လည်ပင်း ဝမ်းဗိုက်တွေကိုလည်း ဓားတွေနဲ့ ခုတ်ထားတယ်။ ဘယ်သူသတ်လဲတော့ မသိဘူးဗျာ့။”
သေဆုံးသူဟာ ဆိပ်မူကျေးရွာ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်ခဲ့ဘူးတဲ့ ကျောက်အရောင်းအဝယ် လုပ်ကိုင်သူ အသက် ၅၀ ကျော်အရွယ် ကိုဖိုးချိုဖြစ်ပြီး ရုပ်အလောင်းကိုတော့ လူမှုကူညီရေးအသင်းက လာရောက်သယ်ဆောင်သွားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်ကလည်း ဖားကန့်မြို့နယ် ဝှေခါကျေးရွာက အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတဦးကို ဓားနဲ့ထိုးသတ်ပြီး ရုပ်အလောင်း စွန့်ပစ်ထားခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့ အလောင်းစွန့်ပစ်မှု၊ အနုကြမ်းစီးဓားပြတိုက်မှု၊ လုယက် သတ်ဖြတ်မှု၊ ပြန်ပေးဆွဲမှု၊ လက်နက်ပြ ဖမ်းဆီးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ် အတော်များများကို ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးပါဘူး။