မော်ရိုကိုနိုင်ငံမှာ သောကြာနေ့ညက လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျတာစကေး ၇ ဒသမ ၀ ရှိ အင်အားပြင်း မြေငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ မနေ့မနက်နောက်ဆုံးရရှိတဲ့သတင်းအရ ၂,၈၆၂ ဦးအထိ တိုးလာခဲ့ပြီး လူပေါင်း ၂,၅၆၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြပါတယ်။
ငလျင်ရဲ့ဗဟိုချက်မှာ မာရာကက်ရှ်မြို့ဟောင်းရဲ့ အနောက်တောင်ဘက် ၇၀ ကီလိုမီတာအကွာက အလ်ဟို့ဇ်ပြည်နယ်ရှိ အစ်ဂ်ဟီးလ်မြို့အနီးမှာဖြစ်ပါတယ်။
မာရာကက်ရှ်ရဲ့ တောင်ဘက် ၅၅ ကီလိုမီတာလောက်အကွာရှိ ခရီးသွားမြို့ဖြစ်တဲ့ အမ်းမ်ဇ်-မစ်ဇ် မြို့ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်မှုအများဆုံးဒေသတွေထဲက တခုဖြစ်ပါတယ်။
ပြင်းထန်လှတဲ့ ငလျင်ဆောင့်ချက်ကြောင့် အဆောက်အဦတွေဟာ အလွန်အန္တရာယ်များပြီး ပြိုကျလုနီးနီး အခြေအနေတွေ ဖြစ်နေတာပါ။
အရင်က ၃ ထပ်အိမ်တလုံးဟာဆိုရင် ငလျင်ကြောင့် အပေါ်ထပ် ၂ ထပ် ပြိုကျသွားလို့ အခုတော့ ၁ ထပ်ပဲ ကျန်တော့တဲ့ထိ လျော့ကျသွားပါတယ်။
နေအိမ်တွေကနေ စွန့်ခွာပြောင်းရွှေ့ရသူတွေဟာ သင့်လျော်တဲ့ နေရာထိုင်ခင်း မရှိလို့ တခြားမြို့တွေရှိ ဆွေမျိုးသားချင်းတွေနဲ့ မိတ်ဆွေတွေဆီ ခိုလှုံဖို့မှတပါး ရွေးချယ်စရာ မရှိကြပါဘူး။
အမ်းမ်ဇ်-မစ်ဇ်မြို့၊ မာရာကက်ရှ်နဲ့ တခြားငလျင်ဒဏ်ခံရတဲ့ ဒေသတွေကို ကယ်ဆယ်ရေးနဲ့ ကုစားသက်သာရေးအဖွဲ့တွေ ဆက်လက်ဝင်ရောက်နေကြပါတယ်။
Source/Photo-Reuters