ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုးလေဆိပ်ကို ဂျက်တိုက်လေယာဉ်တွေ အတက်အဆင်း လုပ်နိုင်တဲ့အထိ တိုးချဲ့ဆောက်လုပ်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ ၉ ရက်မှာ လားရှိုးမြို့ကို လာရောက်ညွှန်ကြားသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လားရှိုးလေဆိပ်ကို ဂျက်လေယာဥ်တွေ ဆင်းလို့ရတဲ့ အနေအထားထိ တိုးချဲ့ဖို့ စီစဥ်နေပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင်တည်ဆောက်ဖို့ စစ်ခေါင်းဆောင်က လုပ်ငန်းခွင်ကို လာရောက်ကြည့်ရှု ညွှန်ကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေသခံတဦးက “လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့ခဲ့တယ်လို့ ပြောတယ်။ ဒီနေ့တော့ လမ်းတွေ ဘာတွေ မပိတ်တော့ဘူး။ ပစ်ခတ်သံလည်း ငြိမ်နေတယ်”လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ ရှမ်းပြည်နယ်ခရီးစဉ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ ကြီးကြပ်ရေးခေါင်းဆောင် အငြိမ်းစား ဗိုလ်မှူးကြီး ဝေဆန်း၊ ပန်ဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ်ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေး မန်ပန်ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ပြည်သူ့စစ်ခေါင်းဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်းနဲ့ ထင်ပါကျိုင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လွင်စသူတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။
စစ်ခေါင်းဆောင်ရောက်နေချိန် လားရှိုးမြို့ အဝင်လမ်းတွေမှာ ဆိုင်ကယ်နဲ့ ကားတွေကို ဝင်ခွင့်မပေးလို့ ဒေသခံတွေ မြို့ထဲဝင်ဖို့ စောင့်ဆိုင်းခဲ့ကြရပါတယ်။
လားရှိုးဒေသခံတဦးက “သူတို့အဘရောက်နေတာမို့ လားရှိုးအဝင်လမ်းတွေ နေ့တပိုင်းလောက် နှစ် ရက်ဆက် ပိတ်ပစ်တာ။ လမ်းလျှောက်ဝင်လို့ရတယ်။ စက်တပ်ယာဥ်ဆို မော်တော်ဆိုင်ကယ်တောင် ပေးမဝင်ဘူး။ အထွက်ကရတယ်” လို့ ပြောပါတယ်။
လားရှိုးတိုးဂိတ်အလွန် ဟိုပိတ် ငါးရက်တစျေးနေ့မို့ စျေးဝယ်သွားသူတွေလည်း မြို့ထဲပြန်မဝင်ရဘဲ စောင့်ဆိုင်းခဲ့ကြရတယ်လို့ ဆိုပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပြင်းပြင်းထန်ထန် ထိတွေ့တိုက်ပွဲ ဖြစ်နေဆဲရှိပြီး စစ်ကောင်စီဘက်ကတော့ အရပ်သားတွေကိုပါမချန် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။