ရခိုင်ပြည်နယ်ဟာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား အပစ်ရပ်ထားတာ ၆ လကျော်သာ ကြာမြင့်သေးတဲ့အချိန်မှာ နာဂစ်နောက်ပိုင်း ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်တဲ့ “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကို ရခိုင်ပြည်သူတွေ ခံစားခဲ့ရတယ်။
စစ်ပွဲဒဏ်ရာနဲ့ “မိုခါ” ဒဏ်ရာကို ကုစားနေဆဲဖြစ်တဲ့ ရခိုင်ပြည်သူတွေဟာ “မိုခါ” တိုက်ပြီး ၂ လအကျော်မှာ နောက်ထပ် ရေကြီးမှုဒဏ်ကို ထပ်မံကြုံလာပြီးတော့ အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး လယ်ဧက ၇,၀၀၀၀ ကျော်၊ ရေကန်ပေါင်း ၈၀ ကျော်၊ ကျွဲ နွား ၁၄၀ ကျော်နဲ့ တံတား ၃ စင်းအထိ ပျက်စီးခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်စခန်း ၃ ခုက လူနေအိမ် ၄၀၀ နီးပါး အပါအဝင် ရခိုင်ပြည်နယ် မြို့နယ် ၇ ခုက ကျေးရွာပေါင်း ၃၈၀ က အိမ်ခြေပေါင်း ၂၈,၀၀၀ ကျော်ဟာ ရေဘေးဒဏ်ကို ခံစားခဲ့ရပြီး အနည်းနဲ့အများ ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ သြဂုတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ စစ်ပွဲတွေဒဏ်ကို ညက်ညက်ကြေအောင် ခံစားခဲ့ရပြီးနောက် စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား ၂၀၂၀ ရွေးကောက်ပွဲကို အကြောင်းပြပြီး နှစ်နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားမှုကို ရပ်တန့်ခဲ့ကြပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲကို ရပ်ထားခဲ့ကြပေမဲ့ လည်း တရားဝင်စာချုပ်စာတန်းနဲ့ ရပ်တန့်ခဲ့ကြတာမဟုတ်ဘဲ နှုတ်သဘောတူညီချက်တွေနဲ့ ရပ်တန့်ခဲ့ကြတာကြောင့် ငြိမ်းချမ်းရေးအရသာကို အပြည့်အဝ မခံစားခဲ့ရဘဲ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ခြေရှိတဲ့ အနေအထား ရှိနေတာကြောင့် ပြည်သူတွေအကြား စိုးရိမ်မှုနဲ့ နေထိုင်ခဲ့ကြရပါတယ်။
အဲဒီလို တိုက်ပွဲရပ်တန့်ထားစဉ်မှာ ရက္ခိုင့်တပ်တော်ဟာ သူတို့အခြေစိုက် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားတွေ ဇောက်ချပြီး လုပ်ကိုင်ခဲ့ကြပါတယ်။ စစ်ကောင်စီကလည်း အာဏာသိမ်းမှုနောက်ပိုင်း တနိုင်ငံလုံးကို စစ်မျက်နှာ ဖွင့်နေရတာကြောင့် ရခိုင်ပြည်နယ်က သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရား အများစုဟာ ရက္ခိုင့်တပ်တော်ရဲ့ လက်အောက်ကို ရောက်ခဲ့သွားခဲ့ပါတယ်။ အဲဒီလို သူတို့ရဲ့ အုပ်ချုပ်ရေးနယ်မြေ ကျဉ်းမြောင်းလာတဲ့နောက်ပိုင်း ၂၀၂၂ ခုနှစ် အစောပိုင်းမှာ စစ်ကောင်စီနဲ့ အေအေတို့အကြား ပွတ်တိုက်မှုတွေ မြင့်တက်လာကြပြီး စစ်ရေးဘက်ကို ဦးတည်လာတဲ့အထိ ရောက်သွားခဲ့ကြပါတယ်။
စစ်ကောင်စီဟာ ပထမအကြိမ် တိုက်ပွဲတုန်းကလို ရခိုင်ပြည်နယ်မှာ ထိုးစစ်ဆင်နိုင်တဲ့ အခြေအနေမှာ ရှိမနေတော့ဘဲ သူတို့ရဲ့ တပ်ရင်းတွေ သိမ်းပိုက်မခံရဖို့အတွက်ပဲ ခံစစ်ဘက်ကို ပြောင်းလိုက်ရပါတော့တယ်။ စစ်ကောင်စီတပ်ဟာ စစ်ရေးမှာပါ အရေးနိမ့်လာတဲ့ နောက်ပိုင်းမှာ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခတ်ခဲ့တာတွေ တွေ့ခဲ့ရပါတယ်။
တကျော့ပြန်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၂၈ ဦး သေဆုံးခဲ့ကာ ၁၁၁ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုနဲ့ ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၁၆,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာခဲ့ရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ၆၀,၀၀၀ နီးပါး ရှိနေသေးတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲဖြစ်လာပြီးနောက် ရခိုင်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ သူတို့ရဲ့ ခရိုင်ဦးစီးမှူးတွေကအစ ဝန်ထမ်းတွေ အပါအဝင် အရပ်သား ၃၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၈၅ ဦး ပြန်လွှတ်ပေးခဲ့ကာ ၂၃၉ ဦးကို ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ၊ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှု ဥပဒေပုဒ် ၅၀၅(က) အပါဝအင် ပုဒ်မအမျိုးမျိုးတပ်ဆင်ကာ တရားစွဲဆိုခဲ့ပါတယ်။
အဲဒီအထဲက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂) နဲ့ တရားရင်ဆိုင်နေရသူ ၆၁ ဦးကို သြဂုတ်လ ၂ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပြီး ၁၇၈ ဦးမှာ ဖမ်းဆီးတရားစွဲခံထားရဆဲ ဖြစ်ပါတယ်။
အဲဒီလို စစ်ရေးတင်းမာနေချိန်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ လူသားချင်းစာနာမှုဆိုင်ရာ ခေါင်းစဥ်အောက်မှာ ယာယီ အပစ်အခတ် ရပ်စဲခဲ့ေပမဲ့လည်း စစ်ဘေးရှောင် ၆၀,၀၀၀ နီးပါးဟာ နေရပ်ပြန်နိုင်ခြင်း မရှိသေးသလို ရခိုင်ပြည်သူတွေဟာလည်း စိုးရိမ်မှုနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို ခံစားနေကြရဆဲ ဖြစ်ပါတယ်။
ဖိနှိပ်မှုနဲ့ စိုးရိမ်မှုရှိနေတုန်းမှာပဲ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့မှာ “မိုခါ” ဆိုင်ကလုန်းဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ကြရပါတယ်။ မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်မှာ အရပ်သား ၁၄၆ ဦး သေဆုံးခဲ့ပြီး အိမ်ခြေ ၂၉၀,၀၀၀ ကျော် ပျက်စီးခဲ့ကာ လူဦးရေ ၁ ဒသမ ၅ သန်းကျော် ထိခိုက်နစ်နာမှုတွေ ရှိခဲ့တယ်လို့ စစ်ကောင်စီနဲ့ အေအေ နှစ်ဖွဲ့လုံးက ထုတ်ပြန်ခဲ့ကြပါတယ်။
အဲဒီ ထိခိုက်နစ်နာမှုရှိခဲ့ကြတဲ့ ပြည်သူတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဒေသတွင်း CSO အဖွဲ့အစည်းတွေက ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတုန်းမှာ စစ်ကောင်စီက ဇွန်လ ၈ ရက်နေ့မှာ ကူညီခွင့်တွေကို ပိတ်ပင်လိုက်ပါတယ်။ အဲဒီလို ပိတ်ပင်လိုက်ပြီးနောက် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂရဲ့ ဖိအားတွေကြောင့် စစ်ကောင်စီက ဇွန်လ ၁၀ ရက်နေ့မှာ ကူညီခွင့် ပြန်ပေးမယ်လို့ ကြေညာခဲ့ပေမဲ့ တကယ်မြေပြင်မှာ လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်ထားဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) လစဥ်အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီက မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေကို ကူညီခွင့်ပေးချင်ရင် သူတို့နဲ့အတူ ပူးပေါင်းပြီး သူတို့ဆီကနေ ပေးဖို့ကြေညာခဲ့ပေမဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုကို မရတဲ့ စစ်ကောင်စီနဲ့ ဘယ်နိုင်ငံတကာကမှ ကူညီပေးတာ မတွေ့ခဲ့ရပါဘူး။
စစ်ကောင်စီက နိုင်ငံတကာ ကူညီခွင့်ကို ပိတ်ပင်ခြင်းနဲ့ အကူအညီတွေကို သူတို့ဆီကနေ တဆင့် ကူညီရမယ်ဆိုတာက နိုင်ငံရေးအမြတ်ထုတ်ချင်တာ ဖြစ်တယ်လို့ ရခိုင် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်ပါတယ်။
“အုပ်ချုပ်သူအဆက်ဆက်ဟာ ဘယ်ကိစ္စမဆို သူတို့ဆီက သွားရမယ်ဆိုပြီး ဗဟိုချုပ်ကိုင်မှုတွေ ရှိကြတယ်။ အဲ့ဒါကြောင့် ပြည်နယ် ပြည်မ မညီမျှမှုတွေ ဖြစ်ကြတယ်။ အခုဟာက နိုင်ငံရေး ကိစ္စလည်း မဟုတ်ဘူး။ လူသားချင်းစာနာမှု အကူအညီပြုမှုအတွက် လိုအပ်တဲ့ အထောက်အကူတွေသာ ဖြစ်တယ်။ အဲဒီဟာတွေကို ငါတို့လက်ထဲက သွားရမှ ငါတို့ပေးရမှ ဆိုတဲ့ အဟန့်အတားတွေ၊ ကန့်ကွက်မှုတွေနဲ့ ပြောဆိုမှုတွေဟာ နိုင်ငံတကာရဲ့ အကူအညီကို ပေးချင်တိုင်း မပေးရဘဲ နိုင်ငံရေးအမြတ်ထုတ်ဖို့လုပ်တာ အလှူလက်ဖက်နဲ့ မျက်နှာလုပ်ချင်တာ ဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံတကာကို ကူညီခွင့် ပိတ်ပင်ထားပြီးနောက် စစ်ကောင်စီထံကို ပြည်တွင်း ပြည်ပ လှူဒါန်းမှုဟာ အမေရိကန်ဒေါ်လာ ၂၂ သန်း ဝန်းကျင်ခန့်သာရှိပြီး တကယ်လိုအပ်နေတဲ့ အမေရိကန်ဒေါ်လာ ၃၃၃ သန်းနဲ့ နှိုင်းယှဥ်ပါက ပြန်လည်ထူထောင်ရေးမပြောနဲ့ ကယ်ဆယ်ရေးတောင် ခက်ခဲနိုင်တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) က ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။
ISP Myanmar အဆိုအရဆိုရင် မိုခါမုန်တိုင်းသင့်ပြည်သူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်သာ အကူအညီ ရရှိသေးပြီး စစ်ကောင်စီရဲ့ နိုင်ငံတကာအကူအညီတွေကို ဆိုင်းငံ့ထားတာနဲ့ အများကြီး သက်ဆိုင်မှုရှိတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။
လက်ရှိမြေပြင်တွေမှာ မုန်တိုင်းသင့်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ မဆိုစလောက် အကူအညီတွေကိုသာ ရရှိသေးပြီး အမိုးအကာအောက်ကို ရာနှုန်းပြည့် ရောက်နိုင်ခြင်း မရှိကြသေးတာ ဖြစ်ပါတယ်။
“မိုခါ” ဒဏ်ကို မကုစားနိုင်သေးတဲ့ အချိန်မှာပဲ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၇ ခုလောက်ဟာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ရေကြီးရေလျှံမှုတွေကြောင့် အသက်သေဆုံးမှုတွေ၊ အိုးအိမ်ဆုံးရှုံးတွေ၊ လယ်ယာထိခိုက်ပျက်စီးမှုဒဏ်ကို အလူးအလဲ ထပ်မံခံစားခဲ့ကြရပါတယ်။
ရေကြီးရေလျှံမှုကြောင့် အိုးအိမ်ဆုံးရှုံးမှုနဲ့ လယ်ယာဆုံးရှုံးမှုမှာ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့က ပျက်စီးဆုံးရှုံးမှု အများဆုံး ခံစားခဲ့ကြရတယ်လို့ သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ စာရင်းတွေအရ သိရပါတယ်။
ရေလွှမ်းမိုးမှုကြောင့် မြို့နယ် ၇ ခုက ကျေးရွာပေါင်း ၃၉၀ ကနေ လူနေအိမ်ပေါင်း ၂၈,၀၇၂ ဆောင် ရေနစ်မြုပ်ခဲ့ပြီး လူ ၆ ဦးသေဆုံးကာ လယ်ဧက ၇၀,၅၃၇ ဒသမ ၃၄ ဧက ပျက်စီးခဲ့ပြီး ရေကန်ပေါင်း ၈၅ ကန်ခန့် ပျက်စီးမှုရှိခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီပျက်စီးမှုတွေအထဲ လယ်ယာမြေပျက်စီးမှုဟာ ပြည်သူတွေအတွက် အထိအနာဆုံးဖြစ်ခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့အထိ လယ်သမားတွေဟာ ပျက်စီးသွားတဲ့ လယ်မြေတွေကို အစားထိုးစိုက်နိုင်ခြင်း မရှိသေးကြပါဘူး။
“မိုခါ” ဒဏ်ကြောင့် နာလန်မထူနိုင်တဲ့ တောင်သူလယ်သမားတွေဟာ မိမိမှာရှိတာလေးနဲ့ လယ်ယာစိုက်ပျိုးထားခြင်းဖြစ်ပြီး အဲဒီစိုက်ပျိုးထားတဲ့ လယ်ယာတွေဟာလည်း ရေကြီးမှုကြောင့် ပျက်စီးခဲ့ရပါတယ်။
လက်ရှိမှာ မျိုးစပါးတွေ မရှိတော့တဲ့အတွက် ပျက်စီးသွားတဲ့ လယ်မြေတွေကို သာမန်စပါးတွေနဲ့ စိုက်ပျိုးကြရပြီး ပျိုးစိုက်ဖို့အတွက်လည်း ပျိုးပင်တွေ ရှာမရလောက်အောင် ပျက်စီးမှု ရှိခဲ့ကြတယ်လို့ မင်းပြားမြို့နယ် မြင်းတင်မကျေးရွာက လယ်သမားတဦးဖြစ်တဲ့ ဦးမောင်တင်ရွှေက ပြောပါတယ်။
“တရွာလုံးအတိုင်းအတာနဲ့ ရေနစ်မှုတွေကြောင့် လယ်ဧက ၅၀၀ ကျော်လောက် ထိခိုက်ပျက်စီးခဲ့ကြတယ်။ မျိုးစပါးလည်း မရှိကြတော့တာကြောင့် ရိုးရိုးစပါးတွေ ကြဲကြပေမဲ့လည်း မျိုးပင်က မပေါက်ကြဘူး။ ပျိုးစိုက်ပျိုးဖို့အတွက်လည်း ပျိုးပင်က ငွေရှိလို့တောင် ရှာမရတဲ့ အခြေအနေဆိုတော့ လယ်မြေတွေကို ဒီအတိုင်းပဲ ထားရတော့မယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လယ်စိုက်ပျိုးဧက ၁၂ သိန်းရှိတဲ့အနက် တိုက်ပွဲဖြစ်ပွားမှုနဲ့ သွင်းအားစုစရိတ် မြင့်မားမှုတွေကြောင့် လယ်ဧက ၈ သိန်းကျော်ခန့်ပဲ စိုက်ပျိုးမှုရှိတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမဂ္ဂရဲ့ စာရင်းတွေအရ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စိုက်ပျိုးရာသီက မိုးခေါင်မှုတွေကြောင့် စပါးအထွက်နှုန်း ထက်ဝက်နီးပါးခန့် ကျဆင်းခဲ့ပြီး ပြည်မဘက်က ဆန်သွင်းပြီး စားသုံးကြရတဲ့ အခြေအနေထိ ရှိနေကြပါတယ်။
အခုနှစ်မှာလည်း ရေကြီးမှုတွေကြောင့် လယ်ဧကပေါင်း ၇ သောင်းကျော်ခန့် ပျက်စီးခဲ့ကြတဲ့ အတွက် စပါးအထွက်နှုန်း ကျဆင်းနိုင်ပြီး ပြည်တွင်းစားသုံးမှုအတွက် မဖူလုံတာနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ လယ်သမားအရေး ဆောင်ရွက်နေသူတွေက သုံးသပ်နေကြပါတယ်။
ကျော်သိန်း