ရန်ကုန်တိုင်း၊ သာကေတနဲ့ လှိုင်သာယာမြို့နယ်တို့မှာ စက်တင်ဘာ ၁၀ ရက်က ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတယောက်နဲ့ အမျိုးသမီး တယောက်ကို တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သာကေတမြို့နယ် ၁ ရပ်ကွက် အနော်မာထိပ်၊ ဧရာဝဏ်လမ်းမဘေးမှာ စက်တင်ဘာ ၁၀ ရက်ည ၁၁ နာရီ ၄၅ မိနစ်က ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အမျိုးသား တယောက်ကို တွေ့ရှိခဲ့တယ် လို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
"ပရဟိတအဖွဲ့တွေရော ရဲတွေရော လာသယ်ပြီး စစ်ဆေးကြတယ်။ ဒီရပ်ကွက်ကတော့ မဟုတ်ဘူး ဆေးရုံ သယ်သွားတယ်”
ရပ်ကွက်နေသူတွေရဲ့ ဖုန်းဆက်အကြောင်းကြားမှုကြောင့် သေဆုံးသူအလောင်းကို သွားရောက်သယ်ဆောင်ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒို့ညီနောင် နာရေးနှင့် လူမှုကူညီကယ်ဆယ် ဆောင်ရွက်ရေးအသင်း တာဝန်ရှိသူ တဦးက ပြောပါတယ်။
"ကျနော်တို့ကို ဖုန်းဆက်လို့ သွားသယ်တာ သေတဲ့သူက အသက် ၃၀ လောက်ရှိတယ်။ ဖြစ်စဥ်ကို မသိဘူး ရဲတွေကတော့ စစ်ဆေးနေတယ်"
အလားတူ စက်တင်ဘာ ၉ ရက် မနက်ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အမှတ် ၂ ရပ်ကွက်၊ ရန်ကုန်- ညောင်တုန်းလမ်းပေါ်မှာရှိတဲ့ အောင်ဇေယျာကြိုးတံတားပေါ်မှာ အဝတ်အစားမပါဘဲ အသတ်ခံထားရတဲ့ အမျိုးသမီး တယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
"အသက် ၃ဝ ကျော်အရွယ် ဓားဒဏ်ရာ ၆ ခြောက်ရှိတယ်။ နားရွက်နားတွေ၊ လက်မောင်းတွေ ဗိုက်တွေမှာ ထိုးသွင်းဒဏ်ရာတွေချည်းပဲ။ ရဲတွေကတော့ စစ်ဆေးနေတယ်"
လတ်တလောမှာ လူသတ်မှု နှစ်မှုနဲ့ ပတ်သက်ပြီး လှိုင်သာယာနဲ့သာကေတမြို့နယ်တွေမှာ အမှုဖွင့် စစ်ဆေးနေတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။
Photo-ဒို့ညီနောင် နာရေးနှင့် လူမှုကူညီကယ်ဆယ်ဆောင်ရွက်ရေးအသင်း