Home
နိုင်ငံတကာ
ဗင်းနစ်ရုပ်ရှင်ပွဲတော်၌ ရွှေခြင်္သေ့ဆုကို Poor Things ရုပ်ရှင် ဆွတ်ခူး
DVB
·
September 10, 2023
00000000000000

ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ စက်တင်ဘာ ၉ ရက်က ဂုဏ်သိက္ခာကြီးမားတဲ့ ရွှေခြင်္သေ့ဆုကို ဂရိဒါရိုက်တာဖြစ်သူ ယောဂို့စ် လန်သီမို့စ်ရဲ့  "Poor Things" ရုပ်ရှင်က ဆွတ်ခူးသွားပါတယ်။

ဒီဇာတ်ကားထဲမှာ အမ်မာ စတုန်း ၊ ဝီလမ် ဒါဖိုး နဲ့ မာ့ခ် ရက်ဖလို တို့လို နာမည်ကြီးသရုပ်ဆောင် တွေ ပါဝင်ထားပြီး ဂေါ့သစ်ပုံစံ တမူထူးခြားတဲ့ ဟာသရုပ်ရှင်တခုပဲ ဖြစ်ပါတယ်။ 

ဗြိတိနိုင်ငံထုတ် ဒီရုပ်ရှင်ဟာ စိတ်မနှံ့တဲ့ ဆရာဝန် တဦးက မိမိကိုယ်ကို သတ်သေသွားတဲ့ အမျိုးသမီး တဦးရဲ့ ဦးနှောက်ကို မမွေးဖွားသေးတဲ့ ကလေး တဦးရဲ့ ဦးနှောက်နဲ့ အစားထိုးကာ အသက်ပြန်သွင်း ပေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ 

ဒါကြောင့် လူကြီးခန္ဓာကိုယ်နဲ့ ကလေး ဦးနှောက်ဖြစ်နေတဲ့ အမ်မာစတုန်းရဲ့ ဇာတ်ကောင်ပုံစံက ပရိသတ်တွေကို စိတ်ဝင်စားစေခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဗင်းနစ်ဟာ ဆုပေးပွဲကာလတွေရဲ့ အစဖြစ်သလို အော်စကာဆုအတွက် ရေပန်းစားနိုင်တဲ့ ရုပ်ရှင်တွေကိုလည်း ရွေးချယ် ပေးနိုင်လေ့ ရှိပါတယ်။ 

ပြီးခဲ့တဲ့ အော်စကာ ဆုပေးပွဲတွေမှာ အကောင်းဆုံး ဒါရိုက်တာဆုရ ၁၁ ဦးထဲက ၈ ဦးရဲ့ ဇာတ်ကား တွေကို ဒီရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့တာပါ။ 

ဒီပွဲတော်ရဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုတွေကိုတော့ "ပရစ်စစ်လာ"အမည်ရ အတ္ထုပတ္တိဇာတ်ကားမှာ အဲလ်ဗစ်(စ်) ပရက်စ်လေ ရဲ့ ဇနီးဟောင်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကေလီ စပေနီ နဲ့ မမ်မိုရီ အမည်ရ မိသားစုဒရမ်မာရုပ်ရှင်မှာ ပါဝင်ထားတဲ့ ပီတာ ဆားစ်ဂါ့တ်တို့က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

ဒါ့အပြင် "Evil Does Not Exist" ဆိုတဲ့ ပဟေဠိဆန်ဆန် ကျေးလက်ဒရမ်မာ ဇာတ်ကားနဲ့အတူ ဂျပန်ဒါရိုက်တာ ယူစကဲ ဟာမာဂူချီ က ဒုတိယဆုဖြစ်တဲ့ ငွေခြင်္သေ့ဆုကို     ရရှိသွားပါတယ်။ 

ဒါဟာ ဗင်းနစ်ပွဲတော်ရဲ့  အဓိကဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ရုပ်ရှင်ကားပေါင်း ၂၃ ကား ထဲမှာ တစ်ခုတည်းသော အာရှဇာတ်ကားလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024