မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၈ ရပ်ကွက်၊ ၄၅ လမ်းမှာ ဒီနေ့ စက်တင်ဘာ ၁၀ ရက် မနက်အစောပိုင်းက လူနေအိမ် ၄ လုံး မီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
မီးလောင်မှုဟာ မနက်အစောပိုင်း ၁ နာရီလောက်မှာ ဖြစ်ခဲ့ပြီး မြင်းခြံခရိုင်၊ မြို့နယ်၊ နယ်မြေမီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေက ပူးပေါင်းငြှိမ်းသတ် ခဲ့ကြတာ ဖြစ်ပါတယ်။
မီးလောင်မှုကြောင့် သွပ်မိုးထရံကာ လူနေအိမ် ၂ လုံး၊ ၂ ထပ်တိုက် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဘေးချင်းကပ်မှာရှိတဲ့ ၃ ထပ်တိုက်တလုံးမှာလည်း မီးနည်းနည်း စွဲလောင်ခဲ့တယ်လို့ သိရပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်းဝင်တယောက်က “လောင်တာက ၁ နာရီလောက်မှာပါ၊ တွေ့ခဲ့ရသလောက် အားလုံး ၄ လုံးပါ။ ၂ ထပ်တိုက်အိမ် ၂ လုံးနဲ့ တထပ်တိုက် ၂ လုံး။ ဘယ်အိမ်က စလောင်သလဲ၊ ဘာလို့လောင်သလဲတော့ မသိရသေးပါဘူး။ မီးသတ်တွေ ရောက်လာတော့ မီးတောက်က အားကောင်းနေပြီ။ လူထိခိုက်တာ မရှိပါဘူး” လို့ ပြော ပါတယ်။
မီးလောင်မှုနေရာကို မြင်းခြံခရိုင်၊ မြို့နယ်၊ နယ်မြေတို့က မီးငြှိမ်းသတ်ယာဉ် ၉ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ Ok အရပ်ဘက်ရေသယ်ယာဉ် ၂ စီး၊ အဖြူရောင်လက်များ အသင်းက ရေသယ်ယာဉ် ၁ စီးတို့နဲ့ ငြှိမ်းသတ်ခဲ့တာ ဖြစ်ပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မြင်းခြံမီးသတ်တပ်ဖွဲ့က စုံစမ်းတွက်ချက်နေဆဲဖြစ်တယ်လို့သိရပြီး မနက်အစောပိုင်း ၂ နာရီ ၁၂ မိနစ်ခန့်မှာ မီးငြိမ်းသွားပါတယ်။