ဖိလစ်ပိုင်အစိုးရဟာ တောင်တရုတ်ပင်လယ်ထဲမှာ ကျောက်ချထားတဲ့ စစ်သင်္ဘော တစင်းမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေအတွက် ပြန်လည်ထောက်ပံ့ရေး မစ်ရှင်ကို အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ပါတယ်။
လမ်းကြောင်း တလျှောက်မှာတော့ တရုတ်ကင်းလှည့်သင်္ဘောတွေနဲ့ ကြုံတွေ့ခဲ့ရ ပါတယ်။
ရေတိမ်သောင်ခုံဆီကို ထောက်ပံ့ရေးဆိုင်ရာ စစ်ဆင်ရေးမှာ ခြံရံကင်းထောက် လိုက်ပါလာတဲ့ ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့်တပ်ရဲ့ သင်္ဘောတွေထဲက တစီးပေါ်မှာ ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်က လိုက်ပါသွားခဲ့တာပါ။
ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်သင်္ဘောတွေကို တရုတ်ပြည်သူ့စစ် ရေယာဉ်တွေက ကြားဖြတ် ဟန့်တားဖို့ ကြိုးစားခဲ့ပါတယ်။
အမေရိကန် ရေတပ် လေယာဉ်တစီး ကောင်းကင်မှာ ပျံဝဲနေတာကိုလည်း ရိုက်တာ သတင်းထောက် က မျက်မြင် သက်သေအဖြစ် တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ရိက္ခာ ပြန်လည်ထောက်ပံ့မှု စစ်ဆင်ရေး အောင်မြင်ခဲ့ပြီးတဲ့နောက် တရုတ် ကမ်းရိုးတန်းစောင့်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ လုပ်ရပ်ဟာ တရားမဝင်ဘဲ ရန်လိုပြီး မတည်မငြိမ် ဖြစ်စေတယ်လို့ ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။
ဖိလစ်ပိုင် ရိက္ခာပို့ လှေတွေနဲ့ ကမ်းရိုးတန်းစောင့် သင်္ဘော ၂ စီးဟာ တရုတ်အစိုးရ ခွင့်ပြုချက်မရဘဲ ရေတိမ်သောင်ခုံနဲ့ကပ်လျက် ရေပြင်ဆီ ဝင်ခဲ့တယ်လို့ တရုတ် ကမ်းရိုးတန်းစောင့်တပ်က စက်တင်ဘာ ၈ ရက်မှာ ပြောခဲ့ပါတယ်။
ဒါဟာ တရုတ်သင်္ဘောတွေက ဒီသောင်ခုံမှာပဲ ကျောက်ချထားတဲ့ ဆီရီယာ မာဒရေ စစ်သင်္ဘော ပေါ်က တပ်ဖွဲ့တွေအတွက် ရိက္ခာ သွားပို့တဲ့ ဖိလစ်ပိုင်လှေကို ရေအမြောက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ဩဂုတ် ၅ ရက်က ထိပ်တိုက် တွေ့ခဲ့အပြီး တင်းမာမှုတွေ မြင့်နေချိန်မှာ ခုဖြစ်ရပ် ထပ်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters