ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ စစ်ရေးတင်းမာနေတဲ့ စစ်ကောင်စီတပ်ဟာ လက်လုပ်လက်စားလူငယ်တွေကို ငွေကြေးမက်လုံးပေးပြီး စစ်တပ်ထဲဝင်ဖို့ လိုက်လံ စည်းရုံးနေပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားအခြေစိုက်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မ.ပ.ခ) လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လက်လုပ်လက်စား အခြေခံလူတန်းစား လူငယ်တွေကို ငွေကြေးမက်လုံးပေးပြီး စစ်တပ်ထဲဝင်ဖို့ လိုက်လံစည်းရုံးနေတာပါ။
အသက် ၂၀ ကျော် အရွယ် လူငယ်တယောက်က “ကျနော်က မပခ (မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်)အနားမှာ အလုပ် လုပ်တယ်။ အလုပ်သိမ်းလို့ ပြန်ခါနီး ၃ ရစ်နဲ့ စစ်သားတယောက် ရောက်လာပြီး တပ်ထဲဝင်မလား။ တပ်ထဲဝင်ရင် ၁၀ သိန်းပေးမယ်။ အခု ငါ ၆ သိန်း ပြန်ယူပြီး အရင်ပေးမယ်။ စာရင်းသွင်းပြီးတာနဲ့ မင်းကို ၄ သိန်းထပ်ပေးမယ်။ တပ်ထဲလိုက်ခဲ့လို့ အတင်းခေါ်တယ်။ အဲဒါ တကြိမ်တည်း မဟုတ်ဘူး။ ၃ ကြိမ်ရှိပြီ” လို့ ပြောပါတယ်။
သူနဲ့နီးစပ်တဲ့ တခြားလူငယ်တွေကိုလည်း ငွေကြေးမက်လုံးပေး စည်းရုံး သိမ်းသွင်းခဲ့တယ် လို့ ဆက်ပြောပါတယ်။
“နောက်ရက် အလုပ်ထဲမှာ ကျနော့်ကို စစ်ထဲဝင်ဖို့ လာပြောတယ်ဆိုတဲ့အကြောင်း (ကျနော့်) ဆရာ့ကို ပြောပြတော့ မင်း တယောက်တည်း မဟုတ်ဘူး။ တခြားသူတွေကို လည်း အဲလို ပြောတယ်။ ငါတို့ လုပ်ငန်းထဲက အလုပ်သမား ၃ ယောက်လောက်ရှိပြီ၊ စစ်တပ်ထဲဝင်ဖို့ အဲလို အပြောခံရတာ” လို့ ပြန်ပြောကြောင်း သူက ပြောပါတယ်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ၂၀၂၂-၂၃ ခု ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တဲ့ တပ်တွင်းမိသားစုဝင်တွေရဲ့ သားသမီးတွေကို စစ်ဘက်ဆိုင်ရာ အထက်လူကြီးပိုင်းက စစ်တက္ကသိုလ်တက်ရောက်ဖို့ ညစာစားပွဲတွေပြုလုပ်ပြီး စည်းရုံး သိမ်းသွင်းတာတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာပြုလုပ်တဲ့ တပ်တွင်းမိသားစုမိတ်ဆုံစားပွဲမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် ကိုကိုမောင် အပါအဝင် အဆင့်မြင့် အရာရှိ ၇ ယောက်ကို နေပြည်တော်အမိန့်နဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။