Home
မြန်မာသတင်း
မြိတ်တွင် ဗုံးပေါက်ကွဲပြီးနောက် မြို့တွင်း လုံခြုံရေးပိုတင်းကျပ်လာ
DVB
·
September 10, 2023
376769789_144990642004785_3230132442929989136_n

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီဘက်က ပိုပြီး တင်းကျပ် စစ်ဆေးလာတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၅ ရက်က မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းရွာမှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီရဲ့ တိုင်းရုံးဂိတ်နဲ့ လေတပ်စခန်းနားက လေယာဉ်ကွင်း၊ ဂေါက်ကွင်းတို့နားမှာ အနည်းဆုံးစစ်သား ၅ ယောက်လောက်ကို လုံခြုံရေးအတွက် ကင်းချထားတယ်လို့ သိရပါတယ်။

မြို့ခံတယောက်က "ဗုံးပေါက်ပြီး‌‌ ညနေ ကတည်းကနေ ဆက်တိုက်ပဲ၊ အစစ်အဆေး အရမ်းများလာတယ်။ ပြည်သူ့စစ်တွေ၊ စစ်သားတွေလည်း လက်နက်တွေနဲ ဆိုင်ကယ် နှစ်ယောက် စီးပြီး မောင်းနေကြတာပဲ။ ပြီးတော့ ဆိုင်ကယ် နှစ်ယောက် စီးတာတွေကို တအားစစ်‌နေတယ်" လို့ ပြောပါတယ်။

မြိတ်မြို့ထဲက လမ်းဆုံလမ်းကြားလို နေရာတွေမှာ လက်နက်‌တွေ ကိုင်ဆောင်ထားတဲ့ စစ်သားတွေရှိနေတတ်ပြီးတော့ ‌စာသင်ကျောင်းတွေ အနီးဝန်းကျင်မှာလည်း လုံခြုံရေး ကင်းချတာတွေ ပိုလုပ်လာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ညဘက်အချိန်တွေမှာ စစ်ကောင်စီတပ်သားတွေက လူအသွားအလာများတဲ့ ကမ်းနားလမ်းနဲ့ ရေကန်ဘောင်လိုနေရာတွေမှာ ဆိုင်ကယ်တွေကို အမှတ်မထင် စစ်ဆေးတာတွေမျိုးတွေ အခုရက်ပိုင်းတွေမှာ ပိုများလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ဝ ရက်နေ့ကလည်း မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု ထွန်းတောက်ကြယ် စာသင်ကျောင်းအနီးမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး‌ ပြည်သူတွေထိခိုက်ခဲ့တာမျိုး မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024