စစ်ကောင်စီဝင်တွေလာရောက်ဖို့ရှိတဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာက (PNO) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံးဟာ စက်တင်ဘာ ၈ ရက်နေ့ မနက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
သထုံနောင်ကုလားကျေးရွာ PNO ရုံးကို စစ်ကောင်စီရဲ့ မွန်ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေ လာရောက်မှာဖြစ်လို့ မနက် ၅ နာရီ ၄၅ မိနစ်အချိန်မှာ သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အင်အားပြင်းမိုင်း ခွဲခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။
"လုံခြုံယူပေးနေတဲ့ စစ်ကောင်စီအစောင့်အဖြစ်ရှိနေတဲ့ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရပြီး အသေအပျောက်စာရင်းကို မသိရသေးပါဘူး။”
PNO ရုံးနားမှာ မိုင်းပေါက်ကွဲသံကြားရပြီး လူထိခိုက်တာမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီရုံးမှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့နဲ့ ဒေသခံတွေ တွေဆုံဖို့ စီစဉ်ထားတာလို့ သိရပါတယ်။
ဒေသခံတယောက်က "လမ်းအပြင်ကနေ မိုင်းလာပစ်သွားတာ။ လမ်းဘေးမှာ မိုင်းခွဲခံရတာပါ။ ရုံးထဲမှာပေါက်ကွဲတာ မဟုတ်ဘူး” လို့ ပြောပါတယ်။
တွေ့ဆုံပွဲကိုတော့ မနက် ၁၁ နာရီလောက်မှာ ပအိုဝ်းစာပေနဲ့ယဉ်ကျေးမှုခန်းမထဲမှာ ပြုလုပ်သွားခဲ့ပါတယ်။