ရန်ကုန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၆၃ ရပ်ကွက်၊ တောင်ဒဂုံစက်မှုဇုန်ရှိ စက္ကူထုတ်စက်ရုံတခုမှာ ဒီနေ့ စက်တင်ဘာ ၉ ရက်၊ နေ့လယ်ပိုင်းက မီးလောင်ခဲ့ပြီး Level 1 အဆင့်ငြှိမ်းသတ်ခဲ့ရတယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
နေ့လယ် ၁ နာရီခွဲလောက်မှာ စတင်လောင်ကျွမ်းခဲ့ပြီး စက်ရုံဂိုထောင်တွဲရက် အဆောက်အဦတခုလုံး လောင်ကျွမ်းခဲ့သလို မီးငြှိမ်းသတ်ရေးအဖွဲ့ဝင်တချို့ သွပ်ပြားပြတ်ရှ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
သာကေတမြို့နယ်ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတယောက်က “၆၃ ရပ်ကွက် စက်မှုဇုန်ထဲက စက္ကူစက်ရုံမီးလောင်တာပါ။ စက်ရုံတခုလုံး မီးလောင်သွားပါတယ်။ မီးသတ်တပ်ဖွဲ့ထဲက သွပ်ပြားပြတ်ရှဒဏ်ရာရသူတွေ ရှိပါတယ်။ ဘယ်နေရာက စလောင်သလဲတော့ မသိသေးပါဘူး” လို့ ပြောပါတယ်။
မီးလောင်တဲ့ နေရာကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်၊ Level 1 ယာဉ်အုပ်စုဝင် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တွေနဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြတာဖြစ်ပြီး မွန်းလွဲ ၂ နာရီလောက်မှာ မီးထိန်းနိုင်ကာ ညနေ ၃ နာရီခွဲလောက်မှာ မီးငြိမ်ေသွားပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တောင်ဒဂုံမြို့နယ် မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပြီး ဒီနေ့လယ်ပိုင်းမှာပဲ ကျောက်တံတားမြို့နယ်၊ ဘားလမ်းဆေးရုံမှာ မီးလောင်ခဲ့ပါသေးတယ်။