တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှာ ၁ နှစ်ကျော်အရွယ် ကလေးငယ်တယောက်ဟာ မနေ့က အိမ်ကနေ ပျောက်သွားပြီး ၇ မိုင် လောက် ဝေးတဲ့ နေရာကနေ ဒီနေ့ ပြန်တွေ့ခဲ့ရပါတယ်။
လောင်းလုံးမြို့၊ က ရပ်ကွက်(ထိန်သစ်)မှာ နေထိုင်တဲ့ ဒေါ်ယုရဲ့ မြေးဖြစ်သူ အသက် ၁ နှစ် ၉ လအရွယ် မခြူးခြူးဟာ မနေ့က နေအိမ်ကနေ ပျောက်ဆုံးသွားတာပါ။
အဖွားဖြစ်သူ ဥပုသ်စောင့်သွားနေတုန်း အဖိုးနဲ့အတူ နေအိမ်မှာကျန်ခဲ့ပြီး မခြူးခြူး ပုခက်အတွင်းအိပ်နေချိန်မှာ အဖိုးက ထင်းခွေထွက်သွားပြီး ပြန်လာချိန်မှာ ပုခတ်အတွင်းမရှိတော့ဘဲ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။
စက်တင်ဘာ ၈ ရက် နေ့လယ်ကတည်းက မြို့သူမြို့သားတွေနဲ့ ပရဟိတအဖွဲ့တွေက ရှာဖွေခဲ့ကြပြီးနောက် ပြန်မတွေ့ဘဲ ဒီနေ့ စက်တင်ဘာ ၉ ရက် နေ့လယ် ၁၁ နာရီ ၅၀ မိနစ်မှာ သူတို့အိမ်ကနေ ၇ မိုင်အကွာမှာရှိတဲ့ တောထဲက တောင်ခြေဝန်းကျင်မှာ ပြန်ရှာတွေ့ခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
ပြန်လည်တွေ့ရချိန်မှာ ကလေးငယ်မှာ ဒဏ်ရာတွေမရှိဘဲ စကားတော့ မပြောနိုင်သေးဘူးလို့ သိရပါတယ်။ အရင်ကတော့ မခြူးခြူးဟာ သူ့အရွယ်အလိုက် စကားပြောဆိုတတ်တဲ့ ကလေးငယ်ဖြစ်ပါတယ်။
မြို့ခံပရဟိတအဖွဲ့ဝင်တယောက်က "နည်းနည်းတော့ထူးဆန်းတယ်။ အိမ်နဲ့ အဝေးကြီးအထိ တညတည်းနဲ့ ရောက်နေတာ၊ စကားမပြောနိုင်တာကလည်း တခုဖြစ်နေသေးတယ်" လို့ ပြောပါတယ်။
ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ရွာဘုန်းကြီးကျောင်းက တဆင့် ကလေးငယ်ဟာ မိသားစုဆီကို ပြန်ရောက်လာပြီဖြစ်ပါတယ်။
မခြူးခြူးကို ရှာဖွေတဲ့အချိန်မှာ သာမန်အတိုင်း ရှာမတွေ့ခဲ့တာကြောင့် ဒီနေ့ စက်တင်ဘာ ၉ ရက် မနက်ပိုင်းမှာ ရပ်ရွာဓလေ့အရ ဒိုးပတ်ဝိုင်းနဲ့ နတ်ဆိုင်းတီးပြီး ရှာဖွေခဲ့ရပါတယ်။
မခြူးခြူးရဲ့ မိဘတွေဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာကြောင့် အဖိုးအဖွားတွေနဲ့ပဲ အတူနေထိုင်တာ ဖြစ်ပါတယ်။