ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ဘားလမ်း(မဟာဗန္ဓုလပန်းခြံလမ်း)မှာရှိတဲ့ မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံ ဒီနေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ နေ့လယ် ၁ နာရီ ခွဲလောက်မှာ ဆေးရုံရဲ့သားဖွားဆောင်မှာ ဝါယာရှော့ဖြစ်လို့ စတင်လောင်ကျွမ်းခဲ့ပြီး ကျောက်တံတားအရန်မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းငြှိမ်းသတ်တာကြောင့် ၁၀ မိနစ်အကြာမှာပဲ မီးငြိမ်းသွားခဲ့ပါတယ်။
ဒေသခံတယောက်က "ဝါယာရှော့ဖြစ်တာပါ။ ခုထိတော့ လူထိခိုက်မှု ရှိတယ်လို့ မကြားမိသလို တွေ့လည်းမတွေ့သေးပါဘူး။ အရေးပေါ်ကားတွေလာတယ်ဆိုတာက လိုအပ်ရင် လူနာရွှေ့လို့ရအောင်ပါ။ ကားလမ်း တော်တော်ပိတ်သွားတယ်။ ဘာမှတော့ စိုးရိမ်စရာမရှိတော့ပါဘူး" လို့ ပြောပါတယ်။
မီးလောင်ကျွမ်းတာကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့တန်ဖိုးကိုတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မထုတ်ပြန်သေးပါဘူး။
၂၀၁၈ သြဂုတ်လကလည်း ရန်ကုန်ဆေးရုံကြီးရဲ့ ပြင်ပလူနာခွဲစိတ်ခန်းမှာ ဝါယာရှေ့ဖြစ်ပြီး မီးလောင်ခဲ့ပါသေးတယ်။