မော်ရိုကိုနိုင်ငံမှာ အင်အားပြင်းငလျင်တခု လှုပ်ခတ်ခဲ့လို့ စက်တင်ဘာ ၈ ရက် နှောင်းပိုင်းက မြို့အတော်များများမှာ အဆောက်အအုံတွေ ပြိုကျခဲ့ပြီး လူတွေ နေအိမ်တွေကို စွန့်ခွာ ထွက်ပြေး ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမယ့် High Atlas တောင်တွေရှိ ငလျင်ဗဟိုချက်နဲ့ အနီးဆုံးက ပျက်စီးမှုပမာဏကို ချက်ခြင်း မရှင်းလင်းသေးပါဘူး။
ငလျင်ဗဟိုချက်နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ မာရာကက်ရှ်မှာတော့ ယူနက်စကို ကမ္ဘာ့အမွေအနှစ် နေရာဖြစ်တဲ့ မြို့ဟောင်းမှာ အဆောက်အအုံတချို့ ပြိုကျခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အများအားဖြင့် မာရာကက်ရှ် တောင်ဘက်ရှိ သွားလာရခက်ခဲတဲ့ ဒေသတွေမှာ လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း ဒေသခံအရာရှိ တဦးက ပြောကြားပါတယ်။
ဒေသဆိုင်ရာ အရေးပေါ်ဌာန သို့မဟုတ် မော်ရိုကို မီဒီယာမှ အစိုးရအရာရှိတွေက ချက်ချင်း မှတ်ချက်ပေးခြင်း မရှိပါဘူး။ ရိုက်တာသတင်းဌာနက ချက်ချင်း ဆက်သွယ်လို့ မရပါဘူး။
ဒေသစံတော်ချိန် ည ၁၁ နာရီနောက်ပိုင်းမှာ မာရာကက်ရှ်မြို့ရဲ့ အနောက်တောင်ဘက် ၇၂ ကီလိုမီတာနဲ့ အူးကိုင်မယ်ဒန် မြို့ရဲ့ အနောက်ဘက် ၅၆ ကီလိုမီတာအကွာမှာ ပြင်းအား ၆ ဒသမ ၈ ရှိတဲ့ ငလျင်လှုပ်ခဲ့တာ ဖြစ်ပြီး ငလျင်ဗဟိုချက်ဟာ အနက် ၁၈ ဒသမ ၅ ကီလိုမီတာမှာ ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းအရ သိရပါတယ်။
မော်ရိုကိုနိုင်ငံရှိ ဘူမိရုပ်ပိုင်းဆိုင်ရာ ဗဟိုဌာနကတော့ ပြင်းအား ၇ ဒသမ ၂ အဆင့်ရှိ ငလျင်ဟာ High Atlas တောင်တွေရဲ့ အိဂ်ဟေးလ် ဧရိယာမှာ လှုပ်ခတ်ခဲ့ကြောင်း ပြောထားပါတယ်။
Source/Photo-Reuters