ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ခြမ်းက စစ်ရှောင်တွေနေထိုင်ရာ အနီးအနားကို စစ်ကောင်စီက စက်တင်ဘာလ ၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ဘေးရှောင်တွေ အားကိုးအားထားနေရတဲ့ ဆောင်ဖွေးဆေးရုံနဲ့ စစ်ရှောင်စခန်း ဝန်းကျင်ကိုပဲ ဗုံးကြဲသွားတာလို့ ဒေသခံ ပြည်သူတယောက်က ပြောပါတယ်။
"လေယာဉ်က တိုက်ရိုက်လာကြဲတာ။ ပထမတလုံးဆို ကြဲပြီးမှသိတယ်။ အဒေါ်တယောက် လက်ကို ဗုံးစလာမှန်တယ်လို့တော့ကြားတယ်။ မစိုးရိမ်ရဘူးလို့ ပြောတယ်" လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၅ လုံးလောက် လာရောက်ကြဲချ တိုက်ခိုက်သွားတာဖြစ်ပြီး ဆောင်ဖွေးဆေးရုံနဲ့ရော စစ်ရှောင်စခန်းနဲ့ရော နည်းနည်းလှမ်းတဲ့နေရာမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်မှုနည်းတာလို့ သိရပါတယ်။
အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံတွေပဲ နေထိုင်တာဖြစ်ပြီး စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကလည်း ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးရုံအဆောက်အအုံတွေ ထိခိုက်ပျက်စီးပြီး စစ်ရှောင် ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။