မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်မှာ အငြိမ်းစား ဒုဗိုလ်မှူးကြီး မိသားစု ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ တောင်သူစုရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်လွင်၊ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာစိုးနဲ့ သားဖြစ်သူ မောင်အောင်ငြိမ်းမာန်တို့ကို သေနတ်သမား ၂ ယောက်က ပစ်ခတ်သွားတာပါ။
မြို့ခံတယောက်က "သူတို့အပြင်က ပြန်လာတဲ့အချိန်ကို စောင့်ပြီးပစ်သွားတာ။ ဆိုင်ကယ်နဲ့ လာတဲ့ သေနတ်သမားတွေ ပစ်ခတ်ပြီး ဆိုင်ကယ်နဲ့ပြန်ထွက်သွားတယ်" လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရလို့ ဒေါ်ခင်စန္ဒာစိုးဟာ နေရာမှာတင် သေဆုံးသွားပြီး ဦးအောင်လွင်ကတော့ ညာဘက်လက် ကျည်ထိဒဏ်ရာ၊ သားဖြစ်သူမှာတော့ မျက်လုံးကျည်ထိဒဏ်ရာရပြီး စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဦးအောင်လွင်ဟာ စစ်တပ်ကထွက်ပြီးနောက် ကျိုက်ထိုမြိုနယ် YMBA အသင်းဝင် တယောက်ဖြစ်သလို စစ်တပ်နဲ့လုပ်ငန်းပူးပေါင်းလုပ်တာတွေရှိတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအပြီးမှာ ဒဏ်ရာရသေဆုံးသူတွေကို ကျိုက်ထိုဆေးရုံကို တင်ပို့ ကုသထားရပြီး စစ်တပ်ကတော့ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ကလည်း တော်လှန်ရေးတပ်မှာ ပါဝင်သူတွေရဲ့ အိမ်တွေကိုချိပ်ပိတ်တာ၊ တော်လှန်ရေးတပ်သားတွေနဲ့ ပတ်သက်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပါတယ်။